Images

ရန်သူ နံပါတ် ၁ က ဆင်းရဲမှုဆိုလျှင် နံပါတ် ၂ သည်……….


2013-2014 ဘဏ္ဍာနှစ်အတွင်း နိုင်ငံများနှင့်အဖွဲ့ အစည်းအသီးသီးမှ မြန်မာအတွက် ကူညီထောက်ပံ့ ငွေ အမေရိကန် ဒေါ်လာသန်းပေါင်း 540 ကျော်ရရှိမည်ဟု 2013-2014 ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှုလျာထားချက်များ မူကြမ်းအရသိရသည်။
သတင်းကြားရ၍ ၀မ်းသာမိသည်။ မြန်မာနိုင်ငံအစိုးရသည် နိုင်ငံတကာနှင့်ဆက်ဆံရေး ပိုမိုကောင်းမွန် လာချိန်မှာ မြန်မာနိုင်ငံအတွင်း စိန်ခေါ်မူများက ဖြစ်ပေါ်လာနေသည်။အောက်ခြေလူတန်းစားနှင့် အလယ် အလတ် လူတန်းစားပညာတတ်များသည်ပင် လမ်းပေါ်တွင် လမ်းပျောက်နေကြသည်လည်း ရှိနေသည့် ယနေ့  ခေတ် အခြေအနေကို ကျော်လွှားနိုင်ဖို့ ဆိုသည်မှာ တော်တော်ကို ကျော်ဖြတ်ရဦးမည်ဖြစ်သည့်အတွက် ထိုကူညီမှုများသည် အဓိကလိုအပ်ချက်များကို ဖြည့်နိုင်မည်ဟုယုံကြည်သည်။
26% ဆင်းရဲမွဲတေမှုရှိသည့် မြန်မာနိုင်ငံတွင် ကျန် 74%သည်လည်း အပြည့်အ၀ အခြေခိုင်သည်ဟု မဆိုနိုင်ပါ။ ဆိုလိုသည်က ရာခိုင်နှုန်း 30 သည် ကျေးလက်နေတောင်သူများဖြစ်သည်။ ထိုသူများသည် အားလုံး အဆင်ပြေနေသည်ဟု ဆို၍မရပါ။ ယခင်လက်ထက်က အတင်းအဓမ္မသိမ်းယူခံခဲ့ရသော လယ်ယာမြေများနှင့် စီမံကိန်းများကြောင့် လုပ်စရာလယ်မရှိတော့သော တောင်သူများသည် ယခုအချိန်ထိ ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင် နေကြရဆဲ။
အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုကြောင့် တချို့ သော ပညာတတ်များ နိုင်ငံရပ်ခြားရောက်ကုန်ရ သည်။ စိုက်ပျိုးရေးမကောင်း၊ သီးနှံဈေးနှုန်းကျဆင်းခြင်းနှင့် မိုးခေါင်ရေရှားခြင်းတို့ ကြောင့် မြို့ ကြီးများ၏ ဆင်ခြေဖုံးများတွင် လူနေစိပ်လာသည်။ရသမျှ ပေနည်းနည်းကျဉ်းကျဉ်းလေးတွင် ရှိသမျှလူနှင့် ပြည့်သိပ်အောင် နေနေရ သည်။
မိဘများက စားဝတ်နေရေးအတွက် ၀မ်းစာရှာနေချိန်တွင် အိမ်တွင် ကလေးဖြစ်သူက ကလေးထိန်းကာ နေနေခဲ့ရသည်။ မီးရေး ထင်းရေးနှင့် ထိုကလေးတို့ ၏ ရှေ့ ရေးသည် မိဘများနှင့်သက်ဆိုင်သည့်နည်းတူ အခြားပြည်သူများနှင့်လည်း ဆက်စပ်လာနေသည်။ စားဝတ်နေရေးခက်သည်က အဓိကဖြစ်၍ နေရေးသည် ဖြစ်သည့်အခြေအနေနှင့် တည်ဆောက်ရသည်။တကယ်ဖြစ်လျှင် 15 မိနစ်လောက်မျှဖြင့် ပြာဖြစ်နိုင်သည့် တဲ အိမ်ကလေးများသည် ကြောက်စရာ့ အန္တရာယ်၏ရှေ့ ပြေးဖြစ်သည်။

တကယ့် တကယ့်စစ်စစ် မြန်မာနိုင်ငံ၏ ရန်သူသည် ဆင်းရဲခြင်းဖြစ်သည်ဟု ဆိုလျှင် မည်သူမှငြင်းနိုင် မည်မထင်ပါ။ သို့ သော်လည်း ပိုဆိုးလာသည်က ထိုသို့ စားဝတ်နေရေးအတွက် မနည်းကြိုးစားနေရသည့် အချိန်တွင် ပြည်တွင်းရေးမငြိမ်သက်မှုများသည် ပြည်သူတို့ ၏ စိတ်ကို ခြောက်လန့် လာနေပြန်သည်။
ရခိုင်အရေးနှင့် ကချင်စစ်ပွဲနှင့် လက်ပံတောင်းတောင်ပြဿနာများတို့ သည် ခံစားခဲ့ရသောပြည်သူတို့  ၏နည်းတူ အခြားပြည်သူများအားလည်း စိတ်ချမ်းသာမှုမရှိခဲ့ပါ။ 20-3-2013 နေ့ တွင်ဖြစ်ခဲ့သော မိတ္ထီလာမြို့ မှ ပြဿနာသည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။
မိတ္ထီလာသူဖြစ်တဲ့ကျွန်မအနေနဲ့  တကယ့်အဖြစ်အပျက်နဲ့ ကြုံရချိန်မှာ အဖြစ်အပျက်များအတွက် မျက်ရည်ပင်ကျမိသည်။ မင်းမဲ့စရိုက်ဆန်ဆန် အဓိကရုဏ်းများအလယ်တွင် လာရောက်လု ယူသူများကလည်း ထုနှင့်ဒေးဖြစ်သည်။ သူများနိုင်ငံများတွင် ဒုက္ခဖြစ်ချိန်တွင် သက်စွန့် ဆံဖျား ကယ်ဆယ်ကြသည်။ ကျွန်မ တို့  မြို့ တွင်မူ ကူညီဖို့ ဝေးစွ လုယူဖို့ သာကြိုးစားနေသည်။ လုံခြုံရေးသည်လည်း ဝေးစွ။ ကိုယ့်အသက်ကိုပင် ကိုယ့်ဘာသာတာဝန်ယူရသည်။ 20-3-2013 နေ့ တွင်ပင် အခြေအနေကို သေချာထိန်းသိမ်းခဲ့လျှင် ယခုလို ဒုက္ခသည်များတွေ့ ရမည်မဟုတ်။
မီးလောင်ပြင်ဖြစ်နေသော မြို့ လယ်သည် သုသာန်တစပြင် နည်းနည်းပင်။ မီးလောင်သေဆုံးနေသူများ သည် လူမျိုး ဘာသာ မည်သူ မည်ဝါပင်ခွဲမရ။ မီးရောင်တလက်လက်ဖြင့် တောက်ပခဲ့သော မြို့ ပြ၏ပုံသည် ဆန့် ကျင်ဘက်ဆန်စွာ တည်ရှိနေသည်။
တပ်မတော်က တာဝန်ယူသည့်အချိန်တွင် ထိုနေရာများတွင် ငြိမ်သက်သွားသည်။ ကိုယ့် ရပ်ကွက် ကိုယ့်အားဖြင့်သာ ကာကွယ်ရသည်။ ရပ်ကွက်ထဲ တစိမ်းအ၀င် မခံ။ ယောက်ျားသားတိုင်းထွက်၍ လမ်းတိုင်း တွင် တာဝန်ကိုယ်စီယူရချိန်တွင် အမျိုးသမီးများသည် မိမိအိမ် အတွက် မိမိတာဝန်ယူရသည်။

ဖြစ်ပျက်ခဲ့သည်နှင့်စာလျှင် ကျွန်မတို့ ရပ်ကွက် အကောင်းအတိုင်းကျန်ရစ်ခဲ့ခြင်းမှာ စည်းကမ်းရှိမှု ညီ ညွတ်မှုကြောင့်သာဖြစ်သည်။ အားလုံးပဋိပက္ခကြောင့် ဥပဒေမဲ့လုပ်ဆောင်နေကြချိန်မှာ ရပ်ကွက်အတွင်း ရှိ သည့်လူနှင့် အချင်းချင်းညီညွတ်စွာ အခက်အခဲကိုကျော်လွှားခဲ့ကြသည်။ အတူလက်တွဲကာ ဖြေရှင်းနိုင်မှု ကြောင့်သာ ကျွန်မတို့  ရပ်ကွက်လေး၏ အခြေအနေမှာ ကောင်းခဲ့ရခြင်းဖြစ်သည်။
စဉ်းစားမိသည်က အကြောင်းအရာအားလုံး၏ မူလဇာစ်မြစ်ပင်ဖြစ်သည်။
နံပါတ် ၁ က ဆင်းရဲမှုဆိုလျှင် နံပါတ် ၂ သည် စည်းကမ်းဖြစ်သည်။ စည်းကမ်းမရှိလျှင်ဖြင့် ဒီမိုကရေစီကို ဖော်ဆောင်နိုင်မည်မထင်ပါ။
ဖတ်ဖူးသော စာတစ်ပိုဒ်ကို သတိရမိသည်။
ဒီမိုကရေစီကောင်းဖို့ ဆိုတာ ဥပဒေကောင်းမှဖြစ်မှာပါ။ နောက်ပြီး ထိုဥပဒေဆိုတာလည်း ပြည်သူကလုပ်တာပါပဲ ဒါကြောင့် ဥပဒေကောင်းကောင်းကို ပြုစုနိုင်ဖို့  ပြည်သူတွေကလည်း အသိဥာဏ်ထက်မြက်ပြီး ညီညွတ်နေကြ ရန်လည်း အထူးလိုပါသည်။ တဲ့
ဟုတ်ပါတယ်။ ဆင်းရဲခြင်းလျော့ချနိုင်ပြီး စည်းကမ်းရှိဖို့ လည်းလိုသည်။ စည်းကမ်းဟူသည် လူတို့  သတ်မှတ် သည်ဖြစ်၍ မလိုက်နာနိုင်စရာမရှိ။ သို့ မှသာ အရာအားလုံးကို စည်းကမ်းရှိရှိ ကျိုးကြောင်းမျှတစွာနားလည် လက်ခံပြီး ပြဿနာကို ရှင်းနိုင်မည်ဖြစ်သည်။
ချမှတ်ထားသော မူဝါဒများနှင့်အတူ ဆင်းရဲမွဲတေမှုနှင့် ငတ်မွတ်မှုလျော့ချရေးအရ 2015 တွင် မူလ အခြေအနေမှ ထက်ဝက်လျော့ချနိုင်မည်ဟုလျာထားသည်။ ထို့ ထက်မကလျော့ ချနိုင်ဖို့ လည်း မျှော်လင့် မိပါသည်။ မြန်မာနိုင်ငံကြီးတိုးတက်ပါမှ မြန်မာလူထုများ စိတ်ချမ်းသာရမည်။ အခက်အခဲများ ကျော်လွှားနိုင် မည်။
ဆင်းရဲခြင်းနံပါတ် ၁ ရန်သူကို ပြန်ခုခံနိုင်ဖို့ ကိုမူ ယခုအချိန်၌လည်း အသည်းအသန်ကြိုးစားနေရဆဲ ပင်ဖြစ်သော်လည်း နံပါတ် ၂ စည်းကမ်းရှိအောင်လည်း လိုအပ်နေပါသေးသည်။

ဧပရယ်ဆွေဆွေ(24-3-2013 12း14 PM)
အတွေးတစကို ရေးမိသမျှသာဖြစ်သည်။


0 comments: