Images

လူသားမျက်နှာပျောက်ဆုံးနေသော ကမ္ဘာ


- မာလီရှိ အစ္စလာမ္မစ်ပြောက်ကျားသူပုန်များကို ပြင်သစ်တပ်များက ယခုနှစ် ဇန်န၀ါရီအတွင်းက ထိုးစစ်ဆင်ခဲ့ပါသည်။ ထိုစစ်ဆင်ရေးဘယ်တော့အဆုံးသတ်မယ်လို့  ပြင်သစ်သံအမတ် Gerard Arawd က မပြောခဲ့ပါဘူး။ အယ်လ်ကေးဒါးဆက်နွယ်သော မာလီစစ်သွေးကြွများကို ထိုးစစ်ဆင်မူကြောင့် ယင်းဒေသများ မှာ အနည်းဆုံး လူ 3 သောင်းခန့် ထွက်ပြေးခဲ့ရသည်။ ထောင်ပေါင်းများစွာသော ထွက်ပြေးသူများကို မပြေး စေရန် စစ်သွေးကြွ များက ဟန့် တားကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။
          -ဆီးရီးယားတွင် 2013 ဇွန်လ 1 ရက်နေ့ မှာ စစ်ပြေးဒုက္ခသည်အရေအတွက် 1.1 သန်းအထိရှိလာမယ် လို့  ကုလသမဂ္ဂက ဖေဖော်ဝါရီ 6 ရက်နေ့ မှာပြောကြားခဲ့သည်။ အစိုးရနှင့် အတိုက်အခံအုပ်စုများသည် ဆီးရီး ယားကိုထိန်းချုပ်ရန် တိုက်ပွဲများဆက်ဆင်နွဲတာကြောင့် ပြဿနာကို ပိုဆိုးစေသည်။ 2 နှစ်နီးပါးကြာလာတဲ့ နိုင်ငံရေးပဋိပက္ခကြောင့် သေဆုံးသူ 7 သောင်းနီးပါး ဖြစ်လာနေတဲ့စစ်ပွဲဖြစ်သည်။
          - မြောက်ကိုးရီးယားဟာ တတိယကြိမ်မြောက် မြေအောက်အဏုမြူဗုံးဖောက်ခွဲပြခဲ့သည်။ ယမ်းပါဝင်မှု နှုံး 6 မှ 7 ကီလိုတန်အထိရှိမည်ဟု တောင်ကိုးရီးယားကာကွယ်ရေးဝန်ကြီး Kim Min Seok ကဆိုသည်။  ပထမ အကြိမ်မှာ 1 ကီလိုတန်အောက်ဖြစ်ပြီး၊ ဒုတိယအကြိမ်မှာမူ 2 မှ 6 ကီလိုတန်ထိရှိသည်။ ( 1945 က ဟီရိုရှီးမား မှာချခဲ့တဲ့ဗုံးက ယမ်း 15 ကီလိုတန်ရှိပါသည်။)
          - ကိုလံဘီယာလက်ဝဲ၀ါဒီ (FARC) လက်နက်ကိုင်သူပုန်အဖွဲ့ နဲ့  ကိုလံဘီယာအစိုးရတို့ ၏ ဆယ်စုနှစ် ငါးခုကြာ ပဋိပက္ခကြောင့် လူ 3.7 သန်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ ကမ္ဘာပေါ်တွင် အိုးအိမ်မဲ့ဦးရေအရေအတွက် အမြင့်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်စေခဲ့သည့် ထိုမီးသည်လည်း ဆက်တောက်နိုင်သည့်အခြေအနေတွင်ပင်ဖြစ်သည်။
          2011 ဇွန်လမှ 2012 ဒီဇင်ဘာအထိ အစိုးရနဲ့  KIA ကြားမှာ တိုက်ပွဲပေါင်း 2400 ကျော်ရှိခဲ့သည့် မြန်မာ ပြည်၏ ပြည်တွင်းမတည်ငြိမ်မူကြောင့် စစ်ဘေးဒုက္ခသည်များမှာ 165000 ကျော်နေပြီဖြစ်သည်။
          အင်တာနက်ပဲဖြစ်ဖြစ် ဂျာနယ်တွေမှာပဲဖြစ်ဖြစ် သတင်းစာမှာပဲဖြစ်ဖြစ် တစ်နေ့ တစ်နေ့ တွေ့ ရတဲ့ စစ်ပွဲ သတင်းတွေက စိတ်နှလုံးကိုနောက်ကျိစေပါသည်။ အခုဆို ထိုသတင်းများထဲမှာ မြန်မာနိုင်ငံရဲ့  ရခိုင်နဲ့ ကချင် သတင်းများလည်း ပါဝင်ခဲ့သည်။ 19-3-2013 ထုတ် သတင်းစာများမှာ KIA နဲ့ သဘောတူညီမူချက်တွေ တွေ့ ရ တော့ ၀မ်းသာမိသည်။ ဦးနှောက်ကို အကျိုးရှိရှိအသုံးချနိုင်ဖို့ လိုပါသည်။
အဲဒီလိုတိုက်နေကြတဲ့ ကမ္ဘာနိုင်ငံတွေဟာ ဆန်းသစ်တဲ့လက်နက်တွေ ကိုယ်စီကိုင်ရင်း တိုက်နေတာပါ။ လူတွေ သေစေနိုင်တဲ့စစ်ကို လူတွေက ဖန်တီးတာဖြစ်သလို လူတွေသေစေနိုင်တဲ့ လက်နက်ကိုလည်း လူတွေ က ဖန်တီးထားတာပါ။ ဒီလောက်ကောင်းတဲ့ စွမ်းရည်ရှိတဲ့ဦးနှောက်တွေရှိနေရဲ့ နဲ့  ပြဿနာကိုစစ်ပွဲနဲ့  ရှင်းတာ တွေကတော့ ရူးသွပ်လွန်းသည်ဟုထင်သည်။  တရားသောစစ်ပဲပြောပြော ဘာပဲအကြောင်းပြပြ စစ်ဖြစ်ရင် တော့ ဘယ်သူ့ အတွက်မှ (နှစ်ဖက်လုံးတွက်)မကောင်းပါဘူး။
                    တကယ်တော့ ကိုယ်ပြည်တွင်းက တိုင်းရင်းသားအချင်းချင်းပဲဖြစ်ဖြစ် နိုင်ငံတကာက လူမျိုး တွေပဲဖြစ်ဖြစ် တစ်ဦးနဲ့ တစ်ဦးနားလည်မှုက အရေးကြီးပါသည်။ တစ်ဦး၏ ယဉ်ကျေးမှုဓလေ့ထုံးစံများကို တစ်ဦး က တန်ဖိုးဖို့ လိုပါသည်။
          ပြည်တွင်းမှာတည်ငြိမ်မူမရှိခဲ့သည့်အတွက် လွတ်လပ်ရေးရပြီး နှစ်များစွာကြာသည့်တိုင် မြန်မာနိုင်ငံ၏ ဖွံ့ ဖြိုးမှုက နှေးနေခဲ့သည်။ ခုဖော်ဆောင်နေတဲ့ လူတိုင်းလိုလားတဲ့ပန်းတိုင်ရောက်ဖို့ အတွက် ပထမဆုံးလုပ်ရ မည့် ခြေလှမ်းက လက်နက်ကိုင်ပဋိပက္ခတွေရပ်ပြီး လိုအပ်ချက်တွေကို တတ်နိုင်သမျှ ညှိယူစေချင်သည်။
          ခုဆိုရင် မြန်မာကို ကမ္ဘာက မျက်စိကျနေသည်။ သိပ်မကြာခင်ကာလအတွင်းမှာ မဖြစ်နိုင်ဘူးထင်တဲ့ ပြောင်းလဲမှုတွေ မြန်မာမှာဖြစ်ပေါ်လာတော့မည်။ ထို့ အတွက် ကြိုတင်ပြင်ဆင်ထားစရာတွေ အများကြီးလိုပါ သည်။ ကိုယ့်အချင်းချင်းအရင် အရင်ညီညွတ်စေမယ်။ Give and Take System အရ တစ်ခုယူရင် တစ်ခုပြန် ပေးရမှာဖြစ်တဲ့အတွက် ပြန်ပေးရမယ့်အပိုင်းမှာ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေ မပါသွားဖို့ လည်း ကာကွယ်ရ ပါဦးမယ်။
          ရခိုင်မှာဖြစ်တာ မြန်မာလူမျိုးဖြစ်တာပါပဲ။ ကချင်မှာဖြစ်တာ မြန်မာလူမျိုးဖြစ်တာပါပဲ။ ဒါဟာ ခြေလှမ်း သစ်သွားနေတဲ့ မြန်မာအတွက် စိန်ခေါ်မှုဆိုရင် အားလုံးက လက်တွဲဖြေရှင်းသင့်ပါသည်။ ဘာပဲပြောပြော ကျွန်မ ကတော့ လူသားမျက်နှာတွေပျောက်ဆုံးနေတဲ့ကမ္ဘာထဲမှာ မြန်မာကို မပါစေချင်ဘူး။ လူတိုင်းလည်း ထိုဆန္ဒရှိ မည်ဟု မျှော်လင့်ပါသည်။
                                                                             ဧပရယ်ဆွေဆွေ
သည်ဆောင်းပါးရေးချိန်က မိတ္ထီလာမှာ ပဋိပက္ခမဖြစ်သေးပါ။



0 comments: