Images

မြန်မာဝတ္ထုတိုများသမိုင်း



ကျွန်မ သတင်းစာကိုကောက်ကိုင်မိလိုက်တော့ ထူးခြားတာတစ်ခုကို သတိထားမိသွားသည်။ တခြား တော့မဟုတ်။ ကျွန်မတို့ မမှီလိုက်သည့် စာရေးဆရာကြီးတစ်ချို့ ၏ စာပေလက်ရာများကို အခန်းဆက်သဏ္ဍာန် ဖြင့် ထည့်သွင်းလာခြင်းဖြစ်သည်။ ထို့ အတွက် စာအုပ်ရှာမရသူများအတွက်ကော ယခင်ခေတ် စာရေးသူများကို မသိရှိသေးသည့် လူငယ်များအတွက်ပါ များစွာနှစ်ခြိုက်စေလိမ့်မည်ဖြစ်သည်။
ယနေ့ လူငယ်အများစုသည် စာဖတ်ခြင်းကို စိတ်ဝင်စားလာကြပြီး ခုခေတ်ပေါ်ဝတ္ထုများနှင့် ဘာသာ ပြန်များလောက်သာ သိရှိသူများသည့်အတွက် ရှေးဟောင်းမြန်မာစာပေရှိ ၀တ္ထုတိုလေးများ၏ အစနှင့် ၀တ္ထုတို ဖွဲ့ နွဲ့ ခဲ့သူ စာရေးဆရာကြီးများတချို့ ကို မှတ်သားသိရှိစေရန် မြန်မာဝတ္ထုတိုများနှင့်ပက်သက်ပြီး ရေးသား တင်ပြလိုပါသည်။
စင်စစ်မှာ ၀တ္ထုတိုဆိုသည်မှာ အကြောင်းအရာ အဖြစ်အပျက်တစ်ခုခုအကြောင်းကို စကားပြေဖြင့် အတိုဆုံး အရှင်းဆုံးရေးသားထားသည့် ရသစာပေအမျိုးအစားဖြစ်ပါသည်။
ဝတ္ထုတိုသမိုင်းပြန်ကြည့်လျှင်
ငါးရာ့ငါးဆယ် ပိဋကတ်ဝတ္ထုများမှစ၍ အခြေခံကြောင်းတွေ့ ရသည်။ ပုဂံခေတ်တွင် တွေ့ ရသော စဥ့်ကွင်းစာများ၊လောကထိပ်ပန်မင်စာ၊ ဇာတ်ကြီးဆယ်ဘွဲ့  စသည်တို့ တွင် ဇာတ်လမ်းဇာတ်ကွက်များတွေ့ ရ သည်။ အရေးအသားအားဖြင့်ကြည့်လျှင်လည်း ငါးရာ့ငါးဆယ် ၊ ဇိနတ္ထပကာသနီကျမ်း၊ မင်္ဂလာသာရဒီပနီ၊ နရသာရကျမ်းကဲ့သို့ သော ရှေးဟောင်းပင်ရင်းကျမ်းကြီးများတွင် တရားဟောပုံစံမျိုးဖြင့် ရေးသားထားခြင်းများ ကိုတွေ့ နိုင်သည်။
ရှေးကျမ်းကြီးများတွင်ပါသော အများစုမှာ ဇာတ်ကြီးဆယ်ဘွဲ့ မှလွဲလျှင် ၀တ္ထုတိုများဖြစ်ကြသည်။ ပုံစံ အားဖြင့် မင်္ဂလာသာရဒီပနီသည် မင်္ဂလာတရား ၃၈ ပါးကို ဖွင့်ထားသောကျမ်းဖြစ်ပြီး မင်္ဂလာတစ်ပါးစီတွင် ပင်ရင်းပိဋကတ်မှ ဆိုင်ရာဝတ္ထုတိုများစွာကို ထုတ်ရေးထားသောကျမ်းဖြစ်သည်။
နရသာရကျမ်းမှာမူ လူကို ဆုံးမသောကျမ်းဖြစ်ပြီး အကျင့်သီလနှင့်ဆိုင်ရာ သုစရိုက် ဒုစရိုက်တို့ ကို ပိဋကတ်လာ ၀တ္ထုတိုပေါင်းများစွာဖြင့်ဆုံးမရေးထားသည့်ကျမ်းဖြစ်သည်။
ဇိနတ္ထပကာသနီကျမ်းမှာ ဘုရားဖြစ်တော်စဉ်တို့ ကို ရေးထားခြင်းဖြစ်သည်။
ဦးပုည၏ ဟောစာများတွင် ဆဒ္ဒန်ဆင်မင်း၊ သူအိုမကြီး၊ ယုန်မင်း၊ ကာက၀လိယ တို့ တွင် ၀တ္ထု ဖန်တီးမှုသဘောတရားများပါသည်ကို တွေ့ လာရသည်။ မူရင်းဇာတ်ထက် ၀တ္ထုဆန်လာရခြင်းမှာ ဖန်တီးမှုများ ကြောင့်ဖြစ်ပြီး အကြောင်းအရာနှင့် အရေးအသားများပါ ဆန်းသစ်လာကြသည်။
နောက်ပိုင်း လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ ဆုံးမစာများ၊ နီတိမဉ္စရီ
သင်္ဂဇာဆရာတော်၏ သင်္ဂဇာစကားပုံများ
ဦးပေါ်ဦး၏ လျှောက်ထုံးများတွင် ၀တ္ထုတိုပုံစံနှင့် ဖတ်ချင်စဖွယ် အကြောင်းအရာများစွာဖြင့်ရေးဖွဲ့ လာခဲ့ သည်ကိုတွေ့ ရသည်။
၁၉၀၀ ကျော်စကာလထိ ခေတ်သစ် ၀တ္ထုတိုပုံစံအဖြစ် တိတိကျကျ မတွေ့ ရပေ။ မြန်မာဝတ္ထုတိုသမိုင်း ခေတ်ဦးသည် ဘာသာရေးအစဉ်အလာ အတွေးအခေါ်များသည့်ခေတ်ဖြစ်ခဲ့ပါသည်။
ကုန်းဘောင်ခေတ်နှင့် ကိုလိုနီခေတ် စပ်ကူးကာလတွင်လည်း ၀တ္ထုဆန်ဆန် စာမျိုးသာရှိ၍ ခေတ်ပေါ် ၀တ္ထုတိုများ မတွေ့ ရပေ။ ကိုလိုနီခေတ်ဦးပိုင်းတွင်မူ မြန်မာစာပေအလှည့်အပြောင်းဖြစ်လာကာ ပြဇာတ်များပေါ် လာတော့သည်။
ဆင်ဖြူကျွန်း ဆရာသင်၊ ပုဇွန်တောင် ဆရာခ၊ စတိုင်မွတ် ဦးကူး၊ ဆရာလွန်းစသည့် စာရေးဆရာများ၏ ပြဇာတ်များ ထောင်နှင့်ချီ၍ ထွက်လာခဲ့သည်။ ရှေးရိုးစဉ်လာမှ ပြဇာတ်ခေတ်ဖြစ်လာသောအခါ ရေးသားသော အကြောင်းအရာများလည်းစုံလာသည်။ တစ္တေ၊ အချစ်၊ စုန်းကဝေ၊ သမိုင်းနောက်ခံ၊ အတ္တုပ္ပတ္တိ များပါလာသည်။ ၁၉၀၀ ကျော်ကပြောင်းလဲခဲ့သော စာပေလမ်းကြောင်းသည် မြန်မာဝတ္တုတိုဖွံ့ ဖြိုးမှုကို လမ်းခင်းပေးခြင်းသာဖြစ် သည်။
မြန်မာ ၀တ္ထုတို စတင်ပေါ်ပေါက်ချိန်နှင့် ပက်သက်ပြီး လေ့လာကြည့်သောအခါ
၁၉၁၇ မတ်လထုတ် သူရိယမဂ္ဂဇင်းတွင်ပါသော " မောင်သိန်းတင် မသိန်းရှင် " ၀တ္ထုကို အစောဆုံး တွေ့ ရသည်ဟု အမှတ်အသားရှိသည်။ ၄င်းကို ရွှေဥဒေါင်းကရေးသားခဲ့သည်။ စာပေနှံ့ စပ်သူတစ်ဦးဖြစ်ပြီး အနောက် တိုင်းစာပေများကို လေ့လာခဲ့ပြီး တစ်ထိုင်တည်းဖတ်ခွင့်ရသော ၀တ္ထုတိုများ ထည့်သွင်းခဲ့ သူဖြစ်သည်။
 " ကြိုးကြာကန်ရွာလူသတ်မှု၌ မောင်စံရှား စုံထောက်ပုံ " ဟူသော နာမည်ဖြင့်စုံထောက် ၀တ္ထုများ စရေးခဲ့သူဖြစ်သည်။
၁၉၂၀ တွင် ဒဂုန်မဂ္ဂဇင်းထွက်လာသည်။ ၀တ္ထုတိုများကို ဦးစားပေးဖော်ပြရာ ဇေယျ၊ ပီမိုနင်း၊ မောင်သစ္စာ၊ ငွေလရောင် စသော ၀တ္ထုတိုစာရေးဆရာများ ပေါ်လာခဲ့သည်။ ဒဂုန်မဂ္ဂဇင်းသည် ၀တ္ထုတို၏အပြင် အဆင်၊ အရေးအသား၊ သရုပ်ဖော်ပုံကအစ တီထွင်ဖန်တီးခဲ့ရာ ၀တ္ထုတိုတခေတ်ဆန်းသစ်ခဲ့သည်။ သို့ သော် မဂ္ဂဇင်းတန်ဖိုး ၁ ကျပ်ဖြစ်၍လူများ သိပ်မဖတ်နိုင်။ ထိုအချိန်တွင် တမတ်တန် ၀တ္ထုတိုများပေါ်လာခဲ့သည်။
မန္တလေးမှ ဒဂုန်ခင်ခင်လေး၏  " ကြည်တော်ဆက်  " ၊" ရွှေလိပ်ပြာ "
ပြည်မှ ဒဂုန်ရွှေမျှား၏ " ကြည်တော်မူ "
ရန်ကုန်မှ တချို့ စာရေးဆရာများလည်း ၀တ္ထုတိုများ ရေးသားလာကြသည်။
၁၉၂၇ တွင် က၀ိမျက်မှန်မဂ္ဂဇင်း ထွက်လာပြီး ၀တ္ထုတိုများဆက်ထွက်လာသည်။ ပီမိုးနင်း၊ ဇေယျ၊ ဦးဖိုးကျားစသူတို့ သည် ရေးသားခဲ့သည်။ ဂန္တလောကမဂ္ဂဇင်းပေါ်လာသောအခါ ဇော်ဂျီ၊ မင်းသုဝဏ်တို့ ထွက် ပေါ်လာသည်။ ထိုမဂ္ဂဇင်း ၀တ္ထုတိုများကိုစု၍ ခေတ်စမ်းစာပေ ဟူ၍ စာအုပ်ထုတ်ခဲ့သည်။
ဇေယျ၏ ၀တ္တုများပေါင်း၍ " မြန်မာ့မျက်ပွင့် "
တိုးတက်ရေးမဂ္ဂဇင်းမှ ဦးဖိုးကျားဝတ္ထုတိုများပေါင်း၍ " ကိုယ်တွေ့  ၀တ္ထုများ"  ထွက်ခဲ့သည်။
နောက်ပိုင်းတွင် စီးပွားရေးကျဆင်းလာရာ ၀တ္ထုတိုဈေးသည်လည်း ခြောက်ပဲ၊ လေးပဲ တန် ၀တ္ထုတိုများ ဖြစ်လာပြီး နောက် နှစ်ပဲတန်ထိဖြစ်ခဲ့ရသည်။ နှစ်ပဲတန်ဝတ္ထုတိုများကို ပီမိုးနင်း၊ ဥာဏ၊ သင်္ခါ စသူတို့ ရေးသားခဲ့ သည်။
၁၉၃၀ ကျော်တွင်မူ မဟာဆွေ၊ ဇ၀န၊ ရန်အောင် ၊မင်းဆွေ၊ မေမြို့ မောင် စသည့်ကလောင်သစ်များ ထွက်ပေါ်လာသည်။
ဂျပန်ခေတ်၌ ၀တ္ထုတိုများမှေးမှိန်ခဲ့သည်။
စစ်ပြီးခေတ်နောက်ပိုင်းနှင့် လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်မူ ၀တ္ထုတိုများ အရှိန်အဟုန်ဖြင့် ဖွံ့ ဖြိုးလာ ခဲ့ပြီး ဒဂုန်၊ တာရာ၊ စာပေသစ်၊ သွေးသောက်၊ ရူမ၀၊ မြ၀တီ၊ ငွေတာရီ၊ မိုးဝေ စသော မဂ္ဂဇင်းများထွက်လာခဲ့ပါ သည်။ ထိုမဂ္ဂဇင်းပါ ၀တ္ထုတိုများမှာ သူ့ ခေတ်နှင့်သူ ပြောစမှတ်ပြုအောင် ထင်ရှားခဲ့သည်။
မြသန်းတင့်၏ နိဗ္ဗာန်ခေါ်စတမ်း
မင်းယုဝေ၏ ကုက္ကိုတောဘူတာလေး
သော်တာဆွေ၏ သူတို့ ပြန်လာကြပါစေ တို့ မှာထင်ရှားခဲ့သော ၀တ္ထုတိုလေးများဖြစ်သည်။
ကမ္ဘာ့  ၀တ္ထုတိုများနှင့် ရင်ဘောင်တန်းနိုင်ခဲ့သည့်အတွက် The Working People's Daily သတင်းစာ၌ အင်္ဂလိပ်ဘာသာဖြင့်သာမက ပြင်သစ်၊ ဂျာမန်၊ ရုရှ၊ ဂျပန်စသောဘာသာများဖြင့် မြန်မာဝတ္ထုတိုများကို ဖော်ပြခဲ့ ကြဖူးသည်။
ယနေ့ ခေတ်တွင်မူ မဟေသီ၊ ကလျာ၊ ရွှေအမြုတေစသော မဂ္ဂဇင်းကြီးများတွင် ၀တ္ထုတိုများ အသားပေး ဖော်ပြနေလေသည်။ မည်သို့ ပင်ဆိုစေ စိတ်အာဟာရဆေးတစ်ခွက်ဖြစ်သော ၀တ္ထုတိုများသည် လည်း လူ့ လောကအတွက် ရေကြည်တစ်ပေါက်သဖွယ်အားအင်ဖြစ်စေခဲ့ပါသည်။
ဦးတည်ချက်ကောင်းခြင်း၊ ဇာတ်လမ်းပြည့်စုံခြင်း၊ ဇာတ်ကောင်စရိုက်ပီပြင်ခြင်း၊ အရေးအသားကောင်း ခြင်း၊ စာဖတ်သူအား ရသနှင့် စဉ်းစားစရာပေးနိုင်ခြင်းတို့ သည် ၀တ္ထုတိုတို့ ၏ လက္ခဏာများဖြစ်ရာ ရှေးခေတ် မြန်မာဝတ္ထုတိုများသည်လည်း ကမ္ဘာတန်းဝင်စာပေဖြစ်ခဲ့သည်မှာ အံ့စရာတော့မရှိပေ။
သို့ သော်လည်း ထိုစာပေလက်ရာများ မပျောက်ပျက်အောင် ထိန်းသိမ်းရမည့်တာဝန်ကတော့ ကျွန်မ တို့ နောင်လာနောက်သားများ၏ တာဝန်သာဖြစ်ပါသည်။
 ဧပရယ်ဆွေဆွေ

0 comments: