Images

ရတုများရှင်

ဤစာစုသည် မဟာဝိဇ္ဇာကျမ်းတွက် ရေးသားခဲ့သော စာတမ်းငယ်သာဖြစ်ပါသည်။ ဆရာ တစ်ဦး၏ အားပေးမှုကြောင့် ဤစာတမ်းမှ ခေါင်းစဉ်တစ်ချို့ ကိုသာကောက်နှုတ်ကာ တင်ဖြစ်ခြင်းသာဖြစ်၍ လိုအပ်ချက်များ၊ အမှားများရှိပါက စာရေးသူ၏ လစ်ဟာမှုသာဖြစ်၍ ခွင့်လွတ်စေချင်ပါသည်။ ရတုများရှင် နတ်သျှင်နောင်၏ ဖွားသက္ကရာဇ်မှာ အငြင်းပွားဆဲဖြစ်ပါသည်။ မည်သည့်ရာဇ၀င်ကမျှ နတ်သျှင်နောင်၏ ဖွားသက္ကရာဇ်ကို အတိအကျ ဖော်ပြခြင်းမရှိသောကြောင့် ဖြစ်ပါသည်။ မှန်နန်းရာဇ၀င်က နတ်သျှင်နောင်သည် အိမ်နိမ့်  ၃၁၊ စည်းစိမ် ၁ နှစ်၊ မြို့ စား ၂ နှစ်၊ သံလျင် တွင် ၁ နှစ်၊ လေးစုပေါင်းသော် သက်တော် ၃၅ နှစ်တည်းဟု ဆိုထားသည်။ ထိုရာဇ၀င် အကိုး အကားဖြင့် နတ်သျှင်နောင်၏ဖွားသက္ကရာဇ်ကို ၉၄၀ ဟု သတ်မှတ်ကြသည်။ ထိုသတ်မှတ် ချက်ကို နတ်သျှင်နောင်နှင့်ပက်သက်၍ အထူးပြုလေ့လာသူပညာရှင် ဦးချမ်းမြက လက်မခံ လိုချေ။ ပါမောက္ခကြီးသည် အထောက်အထားများဖြင့် ရှင်းလင်းကာ နတ်သျှင်နောင်၏ ဖွား သက္ကရာဇ်မှာ ၉၃၀ ဖြစ်သင့်သည်ဟု ဆိုပါသည်။ ဟံသာဝတီစာအုပ်တိုက်စာတည်းများ တည်းဖြတ်သည့် နတ်သျှင်နောင်ရတုပေါင်းချုပ်၌မူ နတ်သျှင်နောင်သည် ၉၃၉ ဖွား၊ အင်္ဂါသား ဟုပါရှိသည်။ ခမည်းတော်မှာ တောင်ငူရွှေနန်းကိုသိမ်းမြန်းခဲ့သော မင်းရဲသီဟသူဘွဲ့ ခံ တောင်ငူ ရွှေနန်းတည်မင်းဖြစ်၏။ မယ်တော်ကား ဟံသာဝတီဆင်ဖြူရှင်မင်းတရားကြီးနှင့် စန္ဒာဒေ၀ီ တို့ မှ ဖွားမြင်သော သမီးတော်ခင်စောဖြစ်သည်။ နတ်သျှင်နောင်သည် သက္ကရာဇ် ၉၇၁ ၀ါခေါင်လပြည့်ကျော် ၆ ရက်သောကြာနေ့ တွင် "မဟာသီဟသူရ" ဘွဲ့ ခံ၍ တောင်ငူထီးနန်းကို ဆက်ခံလေသည် ဟု ဦးထွန်းညို၏ မဟာ ရာဇ၀င်သစ်ကဆိုပါသည်။ နတ်သျှင်နောင်သည် ဟံသာဝတီနန္ဒဘုရင်လက်ထက်မှစ၍ စစ်ထွက်ခဲ့ရသော စစ်သည် တစ်ဦးဖြစ်သည်။ မယ်ဘွဲ့ မောင်ဘွဲ့  ရတုများတွင် နတ်သျှင်နောင်၏ အာဘော်ကိုမှီအောင် လိုက်နိုင်သော ရတုဆရာများရှိမည်မထင်ပေ။ နတ်သျှင်နောင်သည် နဂိုကပင် စောင်းညှင်း အတတ်ကို ကောင်းစွာသီဆိုတီးမှုတ်တတ်သည့်အတွက် ရတုကဗျာစပ်ဖွဲ့ ရာတွင် ဤဂီတ ပညာ၏ အထောက်အပင့်ကိုရလေသည်ဟု ဆရာကြီး ရွှေဥသြ၏ မြန်မာစာဆိုတော်များ စာအုပ်၌ ဆိုပါသည်။ နတ်သျှင်နောင်ရတုပေါင်းချုပ်တွင် ရတုပေါင်း (၇၂)ပုဒ်ကို ဖော်ပြထားပါသည်။ အားလုံးပိုဒ်စုံရတုများချည်းပင် ဖြစ်ပါသည်။ ၄င်းမှ -ဘုရားတိုင် ၂၁ ပုဒ် -သစ္စာတိုင် ၄ ပုဒ် -ကျေးစေ ၁၁ ပုဒ် -ရင်းမာကျေးစေ ၁ ပုဒ် -မြင့်မိုရ်ကျေးစေ ၂ ပုဒ် -စစ်ချီ ၆ ပုဒ် -မိုးတော ၂၃ ပုဒ် -နွေရာသီဘွဲ့  ၁ ပုဒ် -ဆောင်းရာသီဘွဲ့  ၁ ပုဒ် -ရာဇဓာတုကလျာဘွဲ့  ၁ ပုဒ် တို့ ဖြစ်ကြသည်။ စစ်ချီရတု ၆ ပုဒ်တွင် -စစ်ချီပူပုံ မယ်ဘွဲ့  ၁ ပုဒ် -စစ်ချီစစ်ပြိုင် ၁ ပုဒ် -စစ်ချီမောင်ဘွဲ့  ၁ ပုဒ် -စစ်ချီမယ်ဘွဲ့  ၃ ပုဒ် ရှိပါသည်။ စစ်ချီ ထွက်နေသော အဝေးရောက်ချစ်သူမောင်က ဌာနေတွင်ကျန်ရစ်ခဲ့သည့် ချစ်သူမယ်အား သတိရတမ်းတစွာရေးဖွဲ့ ထားသော ကဗျာမျိုးကို စစ်ချီမယ်ဘွဲ့ ဟု ပညာရှိတို့ ကဆိုပါသည်။ စစ်ချီရတုဟုဆိုသော်လည်း စစ်ချီသောအကြောင်းအရာ စစ်တိုက်သောအကြောင်းအရာ စစ်ရေးစစ်ရာဖော်ပြချက်များနှင့် ပက်သက်၍ စပ်ဆိုထားသည်ကိုကား မတွေ့ ရပေ။ တောင်ငူခေတ် စစ်သည်စာဆိုများသည် စစ်ထွက်ရင်း တိုတိုတုတ်တုတ် ကျစ်ကျစ်လျစ် လျစ် ဖွဲ့ နိုင်သော ရတုပုံစံကိုသုံးခဲ့သည်။ တောင်ငူခေတ်ရတုများတွင် န၀ဒေးရတုများသည် ပထမမှတ်တိုင်ဖြစ်၍ နတ်သျှင်နောင်၏ရတုများသည် ဒုတိယမှတ်တိုင်ဟု ပညာရှင်တို့ ကဆို ပါသည်။ စာပေဂျာနယ်တွင် ဆရာမောင်သာနိုးက ရတုစာဆိုကြီးများခေါင်းစဉ်ဖြင့် ဆောင်းပါးရေးစဉ်က "နတ်သျှင်နောင်သည် န၀ဒေး၏ဖွဲ့ ဟန် စကားအသုံးအနှုန်းဟန်များကို နည်းယူပြီး အခံ အလိုက်ရတုများ စာပြိုင်ရတုများကိုလည်း ဖွဲ့ တတ်သည်။ ထို့ ကြောင့် တောင်ငူဘုရင် နတ်သျှင်နောင်သည် န၀ဒေး၏ အကြီးမားဆုံး တပည့်တစ်ဦးဖြစ်သည် " ဟုဆိုပါသည်။ သို့ သော် နတ်သျှင်နောင်တွင် ကိုယ်ပိုင်ဟန်ထူးခြားမှုများကိုလည်း တွေ့ နိုင်သည်။ -ရတုစာကိုယ် မတိုလွန်း မရှည်လွန်းခြင်း -စကားလုံးလှပကျစ်လျစ်ခြင်း -စကားသုံးသိမ်မွေ့ ယဉ်ကျေးခြင်း -အနက် အဓိပ္ပာယ်လေးနက်ထိရောက်ခြင်းတို့ သည် ထူးခြားချက်ဖြစ်ပေသည်။ ကဗျာတစ်ပုဒ်တွင် အကြောင်းအရာနှင့် အရေးအဖွဲ့ ပုံစံတို့ အပြင် စာဆို၏ခံစားမှုနှင့် အတွေးရသမြောက်သော ဖန်တီးမှုများပါဝင်ကြသည်ကို နတ်သျှင်နောင်၏ စစ်ချီမယ်ဘွဲ့ ၃ ပုဒ်တွင်တွေ့ နိုင်သည်။ "ပေါ်နွေလလျှင် " စစ်ချီမယ်ဘွဲ့ ၏ ပထမပိုဒ်တွင် စာဆိုတာဝန်ကျနေသော အရပ်ဒေသ ၏ ရာသီဥတုအခြေအနေနှင့် နေပြည်တော်တွင် ကျန်ရစ်ခဲ့သည့် ချစ်သူအတွက်ခံစားမှုကို ရေးဖွဲ့ ထားသည်။ ဒုတိယပိုဒ်တွင် ပတ်ဝန်းကျင်ရှိ ရာသီပန်းအလှနှင့် စာဆို၏အလွမ်းကို သီကုံးသည်။ တတိယအပိုဒ်၌ စစ်ထွက်ခါနီးရက်များဆီက ကဆုန်တွင် ပြန်မည်ဟု ကတိ ထားခဲ့ပုံနှင့် စာဆိုဆန္ဒတို့ ပါဝင်ပေသည်။ "ကြာမည့်ရက်လည်း" ရတုတွင်မူ ပထမပိုဒ်၌ ကတိထားခဲ့ပုံမညီ၍ ချစ်သူမျှော်နေမည် လားဟု တွေးဟန်ကို ဖော်ပြထားသည်။ ဒုတိယပိုဒ်၌ စစ်မြေပြင်တွင်ကြာမြင့်ခဲ့၍ သည်နွေအစ တွင် နတ်ပြည်နှင့်တူသောရွှေမြို့ တော်သို့ ပြန်ရလိမ့်မည်ဟု ထင်ဟန်၊ တတိယပိုဒ်တွင် ရာသီ ပန်း၊ကျေးငှက်တို့ ၏အလှနှင့် စောင့်နေမည့်ချစ်သူ့ ဟန်ကို တွေးမိပုံနှင့်တန်ဆာဆင်ထား သည်။ "နွေရက်နီးလျှင် " စစ်ချီမယ်ဘွဲ့ တွင် ပထမဦးစွာ တာဝန်ကျနေသော ဒေသ၏ ရာသီပန်းအလှနှင့် ချစ်သူအားသတိရပုံ၊ ဒုတိယပိုဒ်တွင် အခါရာသီနှင့်အညီ ပန်းတို့ ဖူးပွင့် ဝေစည်နေသည်ကိုမြင်မိသောအခါ တောင်ငူနေပြည်တော်တွင် ကျန်ရစ်သူလေးအား တမ်းတ မိပုံ၊ တတိယပိုဒ်တွင် အမြဲကြင်နာခဲ့ကြသူများသည် စစ်ရေးဝန်ကြောင့် ခွဲခွာခဲ့ရပုံ၊ သစ်ရွက် ခြောက်တို့ ကြွေကျနေသော ကျေးငှက်တို့ မြူးတူးသော နွေဦးကာလတွင် ချစ်သူကို သတိရ လွမ်းမိသည့် စစ်သည်ဟန်တို့ ပါဝင်သည်။ စစ်ချီမယ်ဘွဲ့  ၃ ပုဒ်၏ အကြောင်းအရာမှာ ထပ်တူနီးပါးပင်ဖြစ်သည်။ ထူးခြားချက်မှာ ကား " မတူညီသော စကားအသုံးအနှုန်းနှင့် အရေးအသားများ " ပင်ဖြစ်သည်။ ဤသည်မှာ နတ်သျှင်နောင်၏ ဥာဏ်ရည်ပင်ဖြစ်ပါသည်။ ပင်ကိုယ်ဥာဏ်ကိုသာ အသုံးပြုသော နတ်သျှင်နောင်သည် ကိုယ်တွေ့ သဘာဝအမြင် ကို စာအယဉ် စာအနုဖြင့် ကဗျာရတုပြုလေသည်။ ရည်ရွယ်ချက်ရောက်အောင် ပို့ ဆောင်ရာ တွင် အကြောင်းအရာအချက်အလက် မည်မျှပင် ကောင်းကောင်း၊ အရေးအဖွဲ့ ချို့ တဲ့လျှင် လိုရင်းမရောက်တတ်ချေ။ အရေးအဖွဲ့ တွင် စကားအသုံးအနှုန်းသည် အခြေခံကျသည်။ တောင်ငူခေတ်ကို ရတုခေတ်ဟု စာပေလိုက်စားသူတို့ က နားလည်ထားပေသည်။ ရတုကဗျာ ကား ပျို့ လင်္ကာကဲ့ သို့  ဇာတ်တော် ၀တ္တုရှည်များမဟုတ်။ ရင်တွင်း၌ လှုပ်ရှားခံစားချက် အကြောင်းအရာကို သီကျူးသောကဗျာဖြစ်ပေသည်။ အသံသဘောကို ပိုင်နိုင်သော စာဆိုသည် လေးလုံးစပ်ရတုကဗျာ စာသားအတွင်းတွင် ကာရန်နဘေကို ပထမဆုံးသုံးသူဖြစ်ပုံရသည်။ ထိုသို့ သုံးရာတွင်လည်း သူ့ နေရာနှင့်သူ အဆင်ပြေနေသည်။ ရတုကဗျာဖွဲ့ စပ်ရာတွင် ပျို့ ၊ မော်ကွန်း၊ ဧချင်းတို့ ကဲ့သို့ ပင် လေးလုံးတစ်ပါဒ လင်္ကာ စပ်နည်းအတိုင်း ရေးဖွဲ့ ထားသည်။ ကာရန်ယူပုံလည်း တူပါသည်။ အထက်ကဖော်ပြခဲ့သော စစ်ချီမယ်ဘွဲ့  ၃ ပုဒ်ကိုကို နတ်သျှင်နောင်က သီကုံးရာ၌ ကာရန်ကို (၄-၃-၂) ကာရန်ယူ ရေးဖွဲ့ ထားပါသည်။ " ကြာညွတ်ဖယောင်း၊ နေရှိန်လျောင်းသို့ ၊ ဆင့်ဆောင်းလွမ်းဝှန်" " ခြူးနတ်ဆင့်ကုံး၊ စိန်ပွင့်အုံးဝယ် ၊ ပင်ရုံးရွရွ " (ပေါ်နွေလလျှင် ချီရတု) " ဖူးမြောက်ပြန်မီ၊ ဆိုတိုင်းညီပြီ၊ ရာသီပေါ်မှန်း " " ကိုယ်ထည်တုလွတ်၊ အုံးမှီမွတ်ဝယ်၊ ဆွတ်လွတ်၍သာ " (ကြာမည့်ရက်လည်း ချီရတု) " စစ်လမ်းမြေတာ ၊ ချီလေရာဝယ်၊ နီလာရိုးရဲ " " မှန်ကင်းထွတ်ခေါင်၊ မြတ်ညီနောင်ဝယ်၊ ရည်စောင်တူကွ " (နွေရက်နီးလျှင် ချီရတု) သွက်သွက်လက်လက်ဖြစ်ပျက်မှုများကို ပေါ်လွင်စေသော (၄-၂)ကာရန်ကိုလည်း ဤသို့ သုံး ခဲ့သည်။ "မလ္လာရနံ့  ထုံပျံ့ ပန်းသတ် " (ပေါ်နွေလလျှင်ချီရတု) " ပြိုင်စက်စဉ်စီ မပီလှည့်ထွန်း " (ကြာမည့်ရက်လည်းချီရတု) "မထန်နှင်းပွဲ ဆောင်းခဲလွယ်မူ " (နွေရက်နီးလျှင်ချီရတု) အချီပါဒ အချပါဒတို့ ကာရန်တူမှုကလည်း အင်းဝခေတ်ကပင် ရှိခဲ့ပြီးဖြစ်သည်။ ထို အသုံးကိုပင် နတ်သျှင်နောင်က ဆက်လက်သုံးစွဲခဲ့သည်။ -"ပေါ်နွေလလျှင် " "မြော်ချေကလျှင် " " ဖျော်ဖြေမှလျှင်" -"ကြာမည့်ရက်လည်း " "ဘာကြည်မြွက်လည်း " "၀ါသည်ရွက်လည်း " -"နွေရက်နီးလျှင် " " ကြွေရက်ပြီးလျှင် " " ဝေသက်ကြီးလျှင် " ဟူသော အချီပါဒများ၊ -" ငှက်သွင်ပျံကြွ မတတ်သော " " ညက်စင်စများအထွတ်သော" "စက်ရှင်လျှံမျှ ရဟတ်သော " -"ဗျာပါမည်းမျှ ဝေလိမ့်မည် " "ရူတိုင်းပျော်ဘွယ် ထွေလိမ့်မည် " "ပျော်ပါးမေ့ကျန် ပေလိမ့်မည် " -" တပေါင်းပြည့်မည်လျင်လတည်း " "တောလုံးလွမ်းဘွယ် ထွေလိမ့်မည် " "လွမ်းရေးတိမ်နှယ်ဆင်လတည်း " ဟူသော အချပါဒများသည် နှစ်သက်ဖွယ်အတိဖြစ်ပါသည်။ နတ်သျှင်နောင်သည် သာမန်အရပ်သုံးစကားလုံးများကိုပင် ပညာနှင့်အသက်သွင်းကာ ကဗျာ စကားဖြစ်အောင် ဖန်ဆင်းသွားခဲ့သည်။ ဆရာဒဂုန်တာရာက နတ်သျှင်နောင်သည် လူ့ သဘာဝအချစ် ၊ အလွမ်း၊ ခံစားချက်များ ကို စိတ်ဝင်စားဖွယ်ရတုများအဖြစ် ဖန်တီးထားခဲ့ခြင်းဖြစ်ဟန်ရှိသည်ဟု စာပေသဘောတရား နှင့် စာပေဝေဖန်ရေးစာအုပ်၌ ဆိုထားသည်။ ကဗျာဟူသည် အဆင့်အတန်းမြင့်သော အတွေးနှင့် အဆင့်အတန်းမြင့်သော အရေး တို့ ပေါင်းစပ်ထားသည့် စာပေတစ်ခုဖြစ်ပါသည်။ အရေးအသားဆိုရာ၌ အတွေးအခေါ်မှန်ကန် ရင့်ကျက်မှုနှင့် အရေးအသားမှန်ကန်တိကျထိမိမှု နှစ်ခုပေါင်းစပ်ပါဝင်သည်။ အကြောင်းအရာ ပိုင်းတွင် အချက်အလက်၏ ဆီလျော်သင့်မြတ်မှု ယုတ္တိတန်မှု ထိမိမှုတို့ ပါဝင်ကာ အဖွဲ့ အနွဲ့  ပိုင်းတွင် ဂုဏ်၊ အလင်္ကာတို့ ပါဝင်ကြသည်။ ရည်ရွယ်ချက်မြောက်အောင် ပို့ ဆောင်နိုင်လျှင် ထိုကဗျာသည် ကဗျာကောင်းဖြစ်သည်။ နတ်သျှင်နောင်၏ရတုများသည် စကားသုံးသိမ်မွေ့ ပြီး ပရိယာယ်ကြွယ်ဝသောကြောင့် " ကြား၍မသိ ကြည့်၍မမြင်နိုင်ချေ" သို့ ဖြစ်၍လည်း သူ၏ကဗျာရတုများကို မင်းအဆက်ဆက် တို့ ၌ ရွှေနန်းတွင်းနှင့် ရွှေနန်းပြင်ရှိ က၀ိစာဆိုဖြစ်လိုသူတိုင်း နှုတ်တက်အာဂုံဆောင်၍ လေ့လာနည်းယူမှတ်သားခဲ့ကြသည်ဟု ဟံသာဝတီဦးဘရင်၏ စစ်ထွက်စာဆိုများစာအုပ်၌ ဆိုထားသည်။ မြန်မာစာပေသုတေသီတို့ အတွက် ၀စနာလင်္ကာရ စာရင်းဝင် ရတုကဗျာတို့ သည် အလွန်တန်ဖိုးရှိသော ကဗျာများဖြစ်ပါသည်။ ဤရတုလမ်းကြောင်းကြီးကို ခုတ်ထွင်ပေးခဲ့သူ သည် တောင်ငူခေတ်တွင် ရတုကဗျာထွန်းကားအောင် ရှေ့ ဆောင်လမ်းပြပေးခဲ့သည့် ရတုများရှင် နတ်သျှင်နောင်ပင်ဖြစ်တော့သည်။ ဧပရယ်ဆွေဆွေ

0 comments: