Images

ဗုဒ္ဓဘာသာနှင့် သရဏဂုံ

ကမ္ဘာနှင့်အ၀ှမ်းတွင် ရှင်သန်ကြသော လူတို့ သည် ကိုယ်ယုံကြည်ရာ ကိုးကွယ်ရာ ဘာသာကိုယ်စီရှိ တတ်ကြသည်။ သို့ သော် ယုံကြည်မှု ဆည်းကပ်မှုဆိုရာတွင်လည်း အမျိုးမျိုးရှိသေးသည်။ မိရိုးဖလာအားဖြင့် ဘာသာတရားကိုးကွယ်နေကြပြီး တချို့ မှာ သဒ္ဓါတရားစစ်စစ် အားနည်းနေသေးသည်ကို တွေ့ နိုင်ပါသည်။ တကယ်တော့ သစ်ပင်တစ်ပင်သည် မှန်ကန်သင့်လျော်သော ရေခံ မြေခံကောင်းမှသာလျှင် အပင်သန်ကာ မျိုးစေ့ပြန်မှန်မည်ဖြစ်သည်။ ထိုသို့ ပင်မူလမမှန်ဘဲ ဘုရားတရားကို အားထားကိုးကွယ်လျှင် အချည်းနှီး အကျိုး မဲ့ သာဖြစ်ပေလိမ့်မည်။ ယခုဆိုလျှင် အလုပ်တစ်ဘက်၊ စားဝတ်နေရေးတစ်ဘက်နှင့် လုံးချာလည်နေသည့် လူသားများသည် ကိုးကွယ်ရာကို ကဆုန်ပေါက်ဦးချရုံဖြင့်သာ ပြုတော့သည်။ အလုပ်များလွန်းသူ၊ အချိန်နည်းလွန်းသူများ အတွက် စာရေးသူတင်ပြလိုသည်လေးရှိပါသည်။ ဗုဒ္ဓဘာသာဝင်တို့ အတွက် သရဏဂုံတည်ဖို့ ဖြစ်ပါသည်။ အချိန်မရွေး၊ နေရာမရွေး တည်လို့ ရသည်။ စိတ်ညွှတ်မှန်ဖို့ သာလိုပါသည်။ လူ့ လောကတွင် ရွတ်စရာ ဖတ် စရာ ဂါထာ အဆောင်မန္တန်များစွာရှိသည်။ ထိုအရာများထက် အကောင်းဆုံးမှာ သရဏဂုံဖြစ်သည်။ သရဏဂုံ ဆိုသည်မှာ " သရဏ + ဂမန " ဟူသော ပါဠိမှဖြစ်လာသော စကားဖြစ်ပါသည်။ သရဏ = ကိုးကွယ်ရာ ဂမန = အသိအမှတ်ပြုလျက် ဆည်းကပ်ခြင်း ဖြစ်သည်။ ထို့ ကြောင့် ဘုရား၊ တရား၊ သံဃာတို့ အား ကိုးကွယ်ရာအစစ်ဖြစ်ပေသည်ဟု အသိအမှတ်ပြုလျက် ရိုသေ လေးမြတ် ဆည်းကပ်သော ကုသိုလ်စိတ်ကို " သရဏဂုံ " ဟုဆိုပါသည်။ ယခုအခါတွင်ဘုရားရှိခိုးကြရာတွင် ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ဟုဆိုနေကြသော်လည်း မြန်မာလို ဘာကိုဆိုလိုကြောင်း သိသူနည်းနေပါသေးသည်။ ထိုသို့ နားမလည်ပဲ ရှိခိုးလျှင် ဥာဏ်နှင့်ယှဉ်သော ဥာဏသမ္ပယုတ် မဟာကုသိုလ် သရဏမရနိုင်ကြောင်း၊ သရဏဂုံမတည်လျှင်လည်း ဗုဒ္ဓဘာသာဝင် မဟုတ်သေးကြောင်း ဆရာတော်ကြီးများ ထံမှ ကြားနာဖူးခဲ့သည်။ မူလပဏ္ဍာသ အဌကထာတွင် အပြစ်ရှိသော သရဏဂုံပျက်ခြင်းနှင့် အပြစ်မရှိသော သရဏဂုံပျက်ခြင်း ဟူ၍ ရှိကြောင်း ကိုဤသို့ ဖွင့်ပြသည်။ အညသတ္ထာရာဒီသု အဟံ အတ္တာနံ ပရိစ္စဇာမိတိ ဧ၀ံ အညသတ္ထာရုဒ္ဒေသ၀သေန သာဝဇ္ဇဘေဒါတိ ၀ုစ္စတိ။ ဘုရား တရား သံဃာမှတစ်ပါး အခြားသော ဘိုးတော်၊မယ်တော်၊ နတ်စိမ်းရုပ်များ၌ တပည့်တော်တို့ ၏ အသက်နှင့် ခန္ဓာကိုယ်ကို အရှင်ကြီး အရှင်ကောင်းတို့ အား အပ်နှင်းလှူဒါန်းပါ၏ ဟူ၍ ရှိခိုးလျှင် သရဏဂုံပျက် ၏။ ဤသို့  ပျက်ခြင်းသည် အပြစ်ရှိသော သရဏဂုံပျက်ခြင်းဖြစ်သည်။ အပြစ်မရှိသော သရဏဂုံပျက်ခြင်းမှာ ဗုဒ္ဓဘာသာဝင်တစ်ယောက်သေဆုံးသွားလျှင် သရဏဂုံပျက်၏။ ဤပျက် ခြင်းမှာ ဓမ္မတာဖြစ်သောကြောင့် အပြစ်မရှိဟုဆိုသည်။ သို့ သော် သေပြီးခါမှ ရောက်ရာဘ၀က သရဏဂုံတည် ပါစေတော့ဟု ရည်မှန်းကာပြုလျှင်မူ သရဏဂုံမရနိုင်ပါ။ ထို့ ကြောင့် ယခုလို ရှင်သန်နေဆဲအခိုက်၊ ဥာဏ် ရှိနေခိုက်တွင် သရဏဂုံမြဲစေရန် အကျင့်လေးများ ပြုထားသင့်သည်။ မနက်အိပ်ရာထစ အချိန်မျိုး၊ အိမ်မှ အလုပ်ကိုသွားခါနီးအချိန်မျိုး၊ ယာဉ်တစ်ခုခုကို စီးတော့မည့်အခြေအနေမျိုး၊ ထမင်းစားသောက်ခါနီးရွတ်ဆိုခြင်း မျိုး၊ အိပ်ရာဝင်ခါနီးအချိန်ခါမျိုးတို့ တွင် နှုတ်မှအကျင့်လုပ်ထားလျှင် ပိုကောင်းပါသည်။ အကျင့်တစ်ခုသည် လုပ်ပါများလျှင် အထုံအဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ သရဏဂုံတည်သောအကျိုးကြောင့် သီရီလင်္ကာမှ ဒမိဠမျိုး တံငါသည်တစ်ဦးသည် သေခါနီးကျမှ ရဟန်းတစ်ပါး ဆောက်တည်ပေးသော သရဏဂုံကြောင့် လူ့ အသက်နှင့် အနှစ်ကိုးသန်းရှည်သော စတုမဟာရာဇ်နတ်ဘုံသို့  ရောက်ခဲ့ကြောင်း အင်္ဂုတ္တိုရ်အဌကထာတွင် ဖွင့်ပြထားသည်။ ဤသည်မှာ သေခါနီးမှတည်သော သရဏဂုံသာ ဖြစ်သည်။ တစ်ဘ၀တာတည်သော သရဏဂုံဆိုလျှင် လူ နတ် ဗြဟ္မာ မည်သည့် ဘ၀ ရောက်ရောက်-- ၁- လူအများ၏ ပူဇော်ခံခြင်းကို ခံယူရသည်။ ၂- ထူးထူးခြားခြား သူတကာထက် ဥာဏ်ကောင်းသည်။ ၃- သူ၏အလိုသို့  အများက လိုက်ပါရသည်။ ၄- သတ္တ၀ါအားလုံးက နှစ်သက်သည်။ ၅- သတ္တ၀ါအားလုံးက ချစ်ခင်သည်။ ၆- ရွှေအဆင်းကဲ့သို့ လှပသည်။ ၇- ကျော်စောထင်ရှားသည်။ ၈- စည်းစိမ်များပြားသည်ဟု မှတ်သားဖူးသည်။ သို့ သော် သရဏဂုံ မပျက်စီးဖို့ တော့ အရေးကြီးပါသည်။ တချို့ မှာ ကိုးကွယ်မှု အံချော်နေတတ်ပါသည်။ ဘုရားစင်ပေါ်တွင် အရုပ်ပေါင်းစုံတင်ထား ကိုးကွယ်တတ်ကြ သည်။ ဤသည်မှာလည်း သရဏဂုံညှိုးနွမ်းသည့် အချက်လည်းဖြစ်ပါသည်။ စင်စစ် သရဏဂုံသည် ဗုဒ္ဓဘာသာ၏ အခြေခံ ဖောင်ဒေးရှင်းဖြစ်ပါသည်။အခြေမခိုင်လျှင် ဗုဒ္ဓံချင်းလည်း မတူနိုင်သလို သရဏံချင်းလည်း တူမှာမဟုတ်ဖူးဟု ဆရာကြီး ဓမ္မာစရိယဦးဌေးလှိုင်က ဆိုဖူးပါသည်။ ထို့  ကြောင့် မြန်မာဗုဒ္ဓဘာသာဝင် မိခင်ဖခင်တို့ အနေဖြင့် မိမိတို့ ရင်သွေးလေးများအား ရသမျှအချိန်တွင် သရဏဂုံကို အခြေခိုင်စွာ ပိုင်နိုင်အောင် သင်ကြားပေးသင့်ကြပါသည်။ ဒီဘ၀တွင်ကျရောက်မည့် ဘေးရန်ကိုသာမက အပါယ်ဘေးသို့ ကျရောက်ခြင်းမှပါ ရှောင်လွဲပေးနိုင်သော သရဏဂုံ၏ အနက်ကို ဖော်ပြပေးလိုက်ပါသည်။ -" ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ " " ဗုဒ္ဓံ = သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် ကိုယ်တိုင်မြင်၍ ၊ မြင်စေဟောဖော် ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို သရဏံ = ဘေးရန်ပယ်ဖျောက် ချမ်းသာရောက်အောင် စောင့်ရှောက်တော်မူတတ်သဖြင့် အမြတ်ဆုံးသော ကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ = ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်ပါ၏ ဘုရား။ " -" ဓမ္မံ သရဏံ ဂစ္ဆာမိ " " ဓမ္မံ = မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန်ပရိယတ်၊ ဆယ်ပါးသော တရားတော်မြတ်ကို သရဏံ = ဘေးရန်ပယ်ဖျောက် ချမ်းသာရောက်အောင် စောင့်ရှောက်တော်မူတတ်သဖြင့် အမြတ်ဆုံးသော ကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ = ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်ပါ၏ ဘုရား။ " -" သံဃံ သရဏံ ဂစ္ဆာမိ " " သံဃံ = သမ္မုတိ အရိယာ နှစ်ဖြာသော သံဃာတော်မြတ်အပေါင်းကို သရဏံ = ဘေးရန်ပယ်ဖျောက် ချမ်းသာရောက်အောင် စောင့်ရှောက်တော်မူတတ်သဖြင့် အမြတ်ဆုံးသော ကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ = ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်ပါ၏ ဘုရား။ " ပုထုဇဉ်တို့ တွင် ကြိုတင်မသိနိုင်သော အရာငါးမျိုးရှိပါသည်။ ၁- မည်သည့်အသက်အရွယ်တွင် သေမည်။ ၂- မည်သည့်အနာရောဂါဖြင့် သေမည်။ ၃- နံနက် နေ့ လည်၊ ည မည်သည့်ကာလတွင် သေမည်။ ၄- မည်သည့် သုဿန်၌ သင်္ဂြိုဟ်မည်။ ၅- မည်သည့်ဘုံဘ၀သို့ ရောက်မည်တို့ ဖြစ်သည်။ထိုအချက်တို့ ကိုသတိမထား ပေါ့လျော့စွာမနေဘဲ သရဏဂုံ မြဲနိုင်အောင် ကြိုးစားသင့်ပါသည်။ ထို့ ကြောင့် သေခြင်းနှင့်ရင်ဆိုင်ရဦးမည့် ကျွန်ုပ်တို့ သည်လည်း သရဏဂုံအား ၀တ်တစ်ခုအဖြစ် အမြဲ ဆောင်ကာ ရွတ်ဖတ်နိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ရပါသည်။ ဧပရယ်ဆွေဆွေ

0 comments: