Images

အပြုံးတစ၏ အတွေးည

အတွေး(၁) ညဟာ တဖြည်းဖြည်းနဲ့ တိတ်ဆိတ်လို့ လာနေပါတယ်။ ကျွန်မရင်ထဲက နှလုံးခုန်သံတစ်ခုကသာ စည်းချက်မဲ့ တဒိုင်းဒိုင်းခုန်လို့ ပေါ့။ ဒီနေ့  ကျွန်မခံစားခဲ့ရတဲ့ ဝေဒနာတွေကို ပြန်လည်တွေးနေမိပါတယ်။ လိုချင်တာမရသော ဘ၀။လုပ်ချင်တာမလုပ်ရသောဘ၀………။ကျွန်မရှေ့ တည့်တည့်က ကွန်ပျူတာ screen ကိုကြည့်ရင်း ဒီမှန်သား ပြင်ပေါ်မှာ ငါ့ရင်ထဲကရှိတာတွေ ပေါ်လာအောင် ရိုက်ထုတ်ကြည့်ရမလား။ ဒါဆိုရင် ရင်ထဲက ဝေဒနာတွေ သက်သာသွားမည်လား။ ရင်ထဲက ခံစားရသမျှကိုကော screen ပေါ် ငါသေချာထုတ်ပြနိုင်ပါ့မလား။ ရိုက်ထုတ် လိုက်တဲ့ ခံစားချက်တွေကိုကော ဘယ်သူက ကျွန်မနဲ့ ထပ်တူ ခံစားပေးနိုင်မှာလဲ။ မခံစားပေးဘဲ အရူးလို့  အထင်ခံရရင် ဘယ်နဲ့ လုပ်မလဲ။ မေးခွန်းများက များလာပေမဲ့  တကယ်တော့ ဘာမှမသေချာ။ ထပ်တူခံစားပေးနိုင်တယ်ဆိုတာမျိုးလည်း ကျွန်မ မယုံကြည်ပါ။ လူတိုင်းဟာ ကိုယ့်ကိုသာ အချစ်ဆုံး ဖြစ်သည့်အတွက် နောက်ထပ်လူသားတစ်ဦးကို ကိုယ်နှင့်ထပ်တူ ခံစားနားလည်နိုင်ဖို့ ဆိုတာ လုံးဝမဖြစ်နိုင်ပါ။ အတွေး(၂) အတွေးများနှင့် ရှုပ်နေသော ခေါင်းကိုခါယမ်းရင်း ၀ရံတာဘက်ထွက်မိသည်။ မြူတိမ်ကင်းတဲ့ ကောင်းကင်ကြီးထဲမှာ ဆန်းစလကလေးနှင့် သောကြာကြယ်တို့  နီးကပ်နေသည်ကို အံ့သြစွာတွေ့ လိုက်ရ သည်။ တကယ့်ဖြစ်ရပ်ဆန်းတစ်ခုကို ကျွန်မမြင်လိုက်ရတာပါ။ လနဲ့ ကြယ်နီးရင် ဘာဖြစ်တတ်လဲ။ ကျွန်မ မသိ။ ကျွန်မသိချင်သမျှကို ဖြေပေးတတ်တဲ့ ဖေဖေကလည်း ကျွန်မနဲ့ ဟိုးအဝေးကြီးဆီကို ရောက်နေပြီလေ။ " ဒါက ဖျောက်ဆိပ်ကြယ်……ဟိုးဟာက မောင်ရင်ဆိုင်းထမ်း " အရင်က ကြယ်တွေကို နာမည်ပေးတတ်တဲ့ ဖေဖေအသံက ကျွန်မနားထဲတိုးဝင်လာပါတယ်။ ……….ဖေဖေ……… ကျွန်မကောင်းကင်ကြီးဆီ ခေါင်းမော့ရင်း မျက်လုံးများကိုမှိတ်ကာ နစ်နစ်နဲနဲ ရွတ်ဆိုတမ်းတမိသည်။ ခုဖေဖေ ဘယ်တွေများရောက်နေမလဲ။ ဒီအခန်းလေးထဲမှာ ကျွန်မ ကြိတ်ငိုတတ်တဲ့အချိန်တိုင်း ဖေဖေရောက် ရောက်လာတတ်တယ်။ ဖေဖေ့ ကိုဖက်ပြီး ဖေဖေ့ရင်ခွင်ထဲ မျက်ရည်တွေ ချွဲစိုကုန်အောင် ရှိုက်ကြီးတငင် ငိုတတ်တဲ့ ကျွန်မကို ဖေဖေက " အရူးမလေး " တဲ့။ မျက်လုံး၊မျက်ခုံး အားလုံးနီးပါး ကျွန်မက ဖေဖေနဲ့ တူတာမို့  အဖေတူသမီးလို့ ခေါ်လို့ရတာပေါ့။ ကျွန်မကလည်း ဘာလုပ်လုပ် ဖေဖေ့ကိုသာ တိုင်ပင်သည်။ ဒါကြောင့် ဖေဖေကသာ ကျွန်မရဲ့ ဆရာ၊ ဖေဖေကသာ ကျွန်မရဲ့ သူငယ်ချင်း၊ ဖေဖေကသာ ကျွန်မရဲ့  ………………. မငိုဘဲနဲ့  သူ့ ဘာသာသူကျလာတဲ့မျက်ရည်တွေကို စိတ်ရှုပ်ရှုပ်နှင့် လက်ဖမိုးဖြင့် ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်မိ သည်။ အတွေး(၃) ထိုအခိုက် ကျွန်မခြေထောက်နားကို တိုးဝင်လာတဲ့ အထိတွေ့ လေးကြောင့် ငုံ့ ကြည့်မိတော့ " မှီမှီ " ကျွန်မရဲ့  အချစ်ဆုံး ကြောင်လေးလေ။ " အော မှီလေးလဲ မအိပ်သေးဘူးပဲ " ကျွန်မ သူ့ ကိုကြင်နာစွာ ပွေ့ ပိုက်ရင်း ငုံ့ ကြည့်မိပါတယ်။ မျက်လုံးဝိုင်းဝိုင်းကလေးများနှင့် မှီက ကျွန်မကို ပြန် ကြည့်နေသည်။ တစ်ကိုယ်လုံး အရောင်အသွေးမရှိ မဲနက်နေသော ကြောင်နက်ကလေးကို ကျွန်မမွေးချင်တယ် ဆိုတုန်းက မကြီးက " လှလည်း လှတာမဟုတ်၊ ကြောင်အစား ခွေးမွေးတာကမှ ဟောင်ဖော်ရဦးမယ် " လို့ ပြောပါတယ်။ ဟင့်အင်း… ကိုယ့်ကို အကျိုးပြုမှ ကိုယ်က ချစ်ရမှာလား။ ကိုယ့်ကို အကူအညီပေးမှ ကိုယ်ကသူ့ ကို မွေးမြူရမှာလား။ မှီမှီ ကို ကျွန်မချစ်ခင်ခြင်းမှာ ဘာမျှော်ကိုးမှုမှ မပါ။ မှီမှီ ဘာလုပ်လုပ် ကျွန်မအတွက် ကိစ္စမရှိ။ ကျွန်မကသာ လူဖြစ် သည့်အတွက် တိရစ္ဆာန်ဖြစ်သည့် မှီကို ကျွန်မကသာ နားလည်ရမည်လေ။ မောင်နှမတွေများသော်လည်း သူတို့ အလုပ်နဲ့ သူတို့ ရှုပ်နေကြသည့်အတွက် ကျွန်မမှာ အထီးကျန်လှ သည်။ တခါတရံ အားငယ်သည်။ ကျွန်မ ဘာပြောပြော ဟာသလုပ်ပြစ်ဖို့ ဝန်မလေးသော အစ်ကိုတွေ အစ်မ တွေထက် ကျွန်မဘာလုပ်လုပ် အပြစ်လည်းမဆို ဘာမှလည်း မပြောတဲ့ မှီကိုသာ ကျွန်မပိုချစ်သည်။ ကျွန်မစာတွေရေးဖြစ်တဲ့အချိန်တိုင်း မှီက ကျွန်မရင်ခွင်ထဲမှာသာ နေတတ်သည်။ တခါတလေ ကျွန်မ ကြိုက်တတ်သော သီချင်းလေးများနားထောင်မိတိုင်း မှီကိုလည်း နားကြပ်တပ်၍ နားထောင်ခိုင်းသည်။ ထိုအခါ အံ့သြထူးဆန်းသော မျက်ဝန်းများနှင့်ဂဏှာမငြိမ်ဖြစ်သော မှီကိုကြည့်ရင်း ကျွန်မရယ်မိသည်။ လူတွေ သဘော တကျ နားထောင်တတ်တဲ့ သီချင်းဆိုတာကို မှီက ကြောက်သတဲ့။ အင်း….ခံစားချက်ချင်း၊ နားလည်မှုချင်း၊ ဦးနှောက်ချင်းမှ မတူညီဘဲကိုး။ အတွေး(၄) ကျွန်မနဲ့ အကြိုက်ချင်း တော်တော်များတူတတ်တဲ့ သူတစ်ယောက်တော့ ရှိပါတယ်။ ဒီနေ့ လည်း ကျွန်မ ရင်ထဲက ပေါက်ကွဲမှုတွေပြောပြမိခဲ့သေးသည်။ ကျွန်မ ဘ၀ကို ခပ်တန်းတန်းကြီး လမ်းလျှောက်နေတာနဲ့ တူ တယ်လို့ နာမည်ပေးဖူးတဲ့ သူငယ်ချင်းမလေး ယမင်းက " သူငယ်ချင်းရယ် မင်းမျက်နှာမှာ အပြုံးတွေ ပျောက်နေတာကြာပြီ ….လာ….စိတ်ပါ-ပါ ၊ မပါ-ပါ…..ပြုံးပြပါဦး " လို့ ဆိုပါတယ်။ ယမင်းက အတင်းပြုံးခိုင်းပေမဲ့ ကျွန်မမျက်နှာလွဲနေခဲ့မိတယ်။ ကျွန်မမှ မပြုံးချင်တာ။ အတွေး(၅) ညဥ့်သည်နက်ရာမှ အလင်းဘက်သို့ ဦးတည်နေပြီ။ နံနက်ခင်း၏ လေနုအေးအေးလေးတွေက တိုက် ခတ်လာနေသည်။ အတွေးတွေက ရင့်မှည့်၍သွားသလို ညသည်လည်း မှောင်ရာမှ လင်းရဦးမည်။ ဝေဒနာ အတွေးမှ အဖြေရှာလို့ ရတဲ့ အတွေးဖြစ်နိုင်သလို ငိုခြင်းတရားနဲ့ စခဲ့တဲ့ ဘ၀တွေထဲမှာလည်း အဖြေရှိတဲ့ဘ၀ တွေရှိနေနိုင်တာဘဲ။ လာမည့် မနက်ဖြန်…မနက်ဖြန်တိုင်းဟာ မနေ့ က ကျွန်မကြုံတွေ့ ခဲ့ရတဲ့ ဝေဒနာမျိုးတွေနဲ့  တည်ဆောက်ချင်မှ တည်ဆောက်ထားမှာပါ။ အတွေး(၆) " စိတ်သည် မကောင်းမှုမှာသာ မွေ့ လျော်တတ်တယ်၊ ဒါကြောင့် အဲဒီစိတ်ကလေးကို အမြဲစောင့်ကြည့် ကာ ထိန်းအပ်တယ် ယောဂီတို့ ၊ မျက်စိဟာ အဆင်းနဲ့ တိုက်ရင် မြင်စိတ်၊ နားနဲ့ အသံတိုက်ရင် ကြားစိတ်ပေါ် မယ်………" မေမေအခန်းဆီမှ အလုပ်ပေးစိတ္တနုပသနာတရားသံ ကြားလိုက်ရသည်။ နံရံမှ နာရီကို လှမ်းကြည့်မိတော့ ဘုရားရေ ၄ နာရီတောင် ထိုးတော့မည်ပဲ။ ထိုအခါကျမှ ကျွန်မတစ်ညလုံးမအိပ်ဘဲ အတွေးများနှင့် (မောဟ များနှင့်) အချိန်ဖြုန်းနေခဲ့တာကို သတိထားမိသွားသည်။ တကယ် တကယ် ထိုတွေးခဲ့သောအချိန်များကို ကျွန်မ တရားရူမှတ်နေနိုင်မလား မေးမိသည်။ ဟင့်အင်း…လုပ်နိုင်မည် မထင်ပါ။ အော်….ဒါကြောင့်လည်း မြတ်စွာဘုရားရှင်က စိတ်သည် မကောင်းမှု၌ မွေ့ လျော်တတ်၏ လို့ ဟော တော်မူခဲ့တာကိုး။ လူတို့ ၏စိတ်ကို ထိုးထွင်းသိမြင်တော်မူသော ဘုရားရှင်အား စိတ်မှရည်စူး မော်ဖူးမိလိုက် သည်။ တစ်လောကလုံး ဖြစ်ပျက်နေသမျှသည် နာမ်နှင့်ရုပ်မျှသာ ဖြစ်သည်ကို သေချာစွာဟောထားပါလျက် ဒုက္ခတွေ သုခတွေက ငါကျမှဖြစ်နေသလိုလို၊ ငါတစ်ယောက်ထဲပဲဖြစ်နေသလိုလို ခံစားကာ ငါစွက်ပြီး အချိန် တွေဖြုန်းမိနေတာပါလား။ သိသာသိပြီး သိထားတာကို လက်တွေ့ နားလည်အောင် အားမထုတ်မကျင့်ကြံသော မိမိကိုယ်ကို အပြစ်တင်မိသည်။ ဇာတိရလာရင် ဒုက္ခတွေက မတောင်းဆိုလည်း သေချာပေါက်ရောက်လာမှာ အမှန်ပဲလေ။ ပြီးသွားခဲ့တဲ့ အတိတ်ကံကြောင့် ဒုက္ခတုံးဇာတိကြီးကိုပြန်ရပြီဆိုတော့ နောက်ထပ်သာ ဘ၀အသစ်မရအောင် အားထုတ်ဖို့ လို တော့တာပေါ့။ ခုမှ ကျွန်မဘ၀အတွက် ဘာက အရေးကြီးဆုံးလဲဆိုတာကို သဘောပေါက်သွားမိသည်။ ပြီးတော့ လိုချင်တာရလိုက်တဲ့ကလေးတစ်ယောက်လိုမျိုး နှစ်နှစ်ခြိုက်ခြိုက်ပြုံးရယ်လိုက်မိသည်။ မနက်ကျလျှင် ကျွန်မ ဆွမ်းကိစ္စ စီစဉ်ရဦးမည်။ မေမေတွက် မနက်စာစီစဉ်ပေးရမည်။ အိမ်သန့် ရှင်းရေး လုပ်ရဦးမည်။ ၉ နာရီထိုးလျှင် စာသင်ရဦးမည်။ time table ဆွဲထားသလို နာရီတိုင်း အလုပ်လုပ်ရဦးမည်။ စက်ရုပ်ဆန်သော လူသားဘ၀ကို ကျွန်မ လုပ်ချင်ချင် မလုပ်ချင်ချင် ကျွန်မဖြတ်သန်းရဦးမည်ပေါ့။ ဒါပေမဲ့လည်းလေ .…….. ကျွန်မရေးဖူးတဲ့ ကဗျာတစ်ပိုင်းတစ်စတွေကို သွားသတိရမိလိုက်ပါတယ်။ အားတင်းရင်းနဲ့ အားတင်းရင်းနဲ့ ပေါ့။ ကျွန်မအားတင်းရင်း ကြိုးစားပြီး ထပ်မံပြုံးလိုက်မိတယ်။ ပြီးတော့ ကြမ်းပြင်ပေါ်ခင်းထားတဲ့ မွေ့ ယာ ပေါ်တက်ထိုင်လိုက်ရင်း သတိနဲ့ ခန္ဓာကြီးကို စောင့်ကြည့်ဖို့ ပြင်လိုက်ပါတော့တယ်။………. ဘ၀ဆိုတာ ရပြီးရင် ရင်ဆိုင်ဖို့ ပဲရှိတော့တာလေ။ ဧပရယ်ဆွေဆွေ

0 comments: