Images
ဖေဖေ
ဖေဖေ
     ဖခင်လက်ကိုတွဲကာ လမ်းကူးနေသော ကလေးလေးကို မြင်လိုက်ရတဲ့ခဏ ကျွန်မခန္ဓာကိုယ်ထဲမှာ အမျိုး အမည်မသိတဲ့ ခံစားချက်တစ်ရပ်က ၀င်လာပါတယ်။ ရဲရဲလျှောက်လိုက်ပါ ကလေးရယ်။ မင်းရဲ့ ဘေးမှာ မင်းကို အန္တရာယ်ကင်းကင်းနဲ့ ဘ၀လမ်းကြောင်းကို ဘေးကကူပေးမဲ့ အဖေရှိနေပါတယ်ကွယ်။ ကျွန်မမှာသာ……….
                                           x………………………….x…………………………x
ကျွန်မအိပ်ရာနိုးနိုးချင်း ဖေဖေကိုရှာမတွေ့ ရရင် ဖေဖေရှိတတ်တဲ့ စက်ရုံဆီ မျက်နှာမသစ်ဘဲ ပြေးသွားမြဲ။ အမြဲ အလုပ်ရှုပ်နေသော ဖေဖေရဲ့ ပုဆိုးစလေးကိုဆွဲရင်း ဖေဖေနောက် တကောက်ကောက်လိုက်တတ်သည်က ကျွန်မ အကျင့်။ သူငယ်တန်းစနေတုန်းကဆိုလျှင် အသက်ကလည်း ၅ နှစ်မပြည့်သေးတာကတစ်ကြောင်း၊ ညာလက်ကို ခေါင်းပေါ်ပြန်တင်ရင် ဘယ်ဘက်နားရွက်ကို မမှီတာကတစ်ကြောင်းတို့ ကြောင့် ကျောင်းအပ်လို့ မရဘဲ ပြန်ခဲ့ရဖူး သည်။ ခေါင်းသိပ်မာသော ကျွန်မက ကျောင်းမနေရ၍ ခြေဆင်းကာ မျက်ရည်မထွက်ထွက်အောင် ညှစ်ပြီး အသံပြဲ နှင့် အော်ငိုခဲ့သည်။
     ခုအချိန်ပြန်စဉ်းစားကြည့်တော့ အဲဒီအချိန်က ဖေဖေ့ရင်ထဲမှာ ဘယ်လောက်ခံစားလိုက်ရမလဲ။ လုံးဝကို ကူမတွေးတတ်သေးတဲ့ အရွယ်မို့ ပါဖေဖေ။စိတ်မချမ်းသာတဲ့ဖေဖေက ကျောင်းအုပ်ဆရာမကြီးထံ တောင်းတောင်း ပန်ပန်နှင့် တရားမ၀င် သူငယ်တန်းဘ၀လေးကို ရောက်အောင်ဖြည့်ပေးခဲ့သည်။
     ထိုသို့ ကျောင်းအရမ်းနေချင်ခဲ့သောကလေးက ဖေဖေ့ကို ထမင်းစားချိန်ထိမပြန်ရဘဲ နေခိုင်းတတ်သည်။ အခန်းဘေးက မန်ကျည်းပင်ရိပ်အောက်မှာ ထိုင်နေသောဖေဖေ့ကို စာသင်ရင်း ခိုးခိုးကြည့်ကာ သဘောကျနေ တတ်တာက လူဆိုးမလေးကျွန်မရယ်ပါ။
ညဘက်အိပ်ရာဝင်လျှင် ဖေဖေနဲ့ မေမေကြားမှာသာ လာတိုးအိပ်တတ်သော ကျွန်မကို ဖေဖေကအမြဲတမ်း ဗုဒ္ဓ၀င် ပုံပြင်တွေ ပြောပြတတ်သည်။ ငါးပါးသီလကို ငယ်ငယ်ကတည်းက ပါဠိနှင့် အနက်ကိုတွဲဆိုခိုင်းကာ ၄င်းတို့ ၏ ဆိုး ကျိုးများကိုပါ သွန်သင်ပေးခဲ့ပါသည်။ ပရိတ်ကြီး ၁၁ သုတ် ကို ဌာန် ကရိုဏ်း ကျကျရွတ်ခိုင်းသည်။ တနှင့် သ မပီသောကျွန်မမှာ ဖေဖေသဘောကျဖို့ တော်တော်လေး ကြိုးစားရွတ်ဆိုခဲ့ရသည်။ကျွန်မဘ၀မှာ အဆိုး အကောင်း ခွဲတတ်အောင် သင်ပေးတာဖေဖေပါ။
     တခါက ညီအစ်မသုံးယောက်ဖြစ်သော ကျွန်မတို့ ညီအစ်မများ ပစ္စည်းတစ်ခုကို လုကြဖူးသည်။ ထိုအချိန်မှာ ဖေဖေက-
     " သမီးတို့  ဒီလိုစိတ်ဓာတ်ဆိုးတွေကြောင့် မိန်းမဘ၀ကိုရောက်ရတာ။ မနာလိုစိတ်၊ လောဘစိတ်၊ အူတိုစိတ် အဲဒါတွေက မိန်းမဖြစ်ခဲ့ရတဲ့အကြောင်းတွေပဲ။ မိန်းမဖြစ်တာ ဘယ်လောက်ဆုံးရှုံးသလဲသိလား သမီးတို့ ။ မိန်းမ ဘ၀နဲ့  ဘုရားမဖြစ်နိုင်သလို ဧဟိဘိက္ခု ရဟန်းလည်း မဖြစ်နိုင်ဘူး မဟာဗြဟ္မာ၊ သိကြားမင်း၊ စကြာမင်း စတာ တွေလည်း ဖြစ်ခွင့်မရှိဘူး၊ ဒါကြောင့် ခုလိုအသိဥာဏ်ရှိတဲ့ဘ၀လေးရခိုက်မှာ တတ်နိုင်သမျှ ဒေါသ မောဟကင်း အောင်နေ၊ သီလလုံခြုံအောင်စောင့်ထိန်းရတယ်။ ခုလိုစိတ်တွေနဲ့ ကတော့ ငါ့သမီးလေးတွေ ဘ၀တွက် အဖေရင် လေးတယ်ကွယ်။ "
လေသံအေးအေးနဲ့ ပြောသော ဖေဖေ့စကားသံက ကျွန်မရင်ထဲမှာ အမြဲစွဲနေခဲ့ပါတယ်။ ထိုကတည်းက ကျွန်မတို့  ညီအစ်မများ ရန်ပွဲလုပွဲများမဖြစ်တော့ပါ။
နောက်ဖေဖေမကြိုက်ဆုံးက တစ်ချက်ရှိသေးသည်။ ဆူအောင့်ပြီး ရွဲ့ စောင်းတာမျိုးကို ဖေဖေမကြိုက်။
မိန်းကလေးအများစုတွင် ထိုသို့ သော အကျင့်ဆိုးရှိတတ်ကြသည်။ သူနဲ့ ကိုယ်မခေါ်ရင် ရွဲ့ လိုက်ရမလား………. စောင်းလိုက်ရမလား……ဆိုတဲ့ စရိုက်ဆိုးလေးက အရင်ပေါ်တတ်ပါသည်။ ဤသည်ကို ဖေဖေက-
" သူများကို ရွဲ့ တယ် စောင်းတယ်ဆိုတဲ့ ခဏမှာ ငါ့သမီးလေးစဉ်းစားကြည့် ။ ကိုယ်ကတော့ သူ့ ကိုရွဲ့ လိုက်တာပဲ တကယ်တကယ် ရွဲ့ နေတာဘယ်သူလဲ ကိုယ်မျက်နှာကိုယ် မှန်ထဲပြန်ကြည့်ကြည့်စမ်း ကိုယ့်မျက်နှာကသာ အရင် ရွဲ့ နေမို့ လား " တဲ့။
ကျွန်မတို့ မိသားစုသည် မချမ်းသာပါ။ သို့ သော် ဖေဖေသည် လူတန်းစေ့နေနိုင်အောင် သူတတ်အားသမျှနှင့် ကြိုးစားကာ ရှာဖွေကျွေးမွေးခဲ့သည်။
    " သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ "
ထိုစာတန်းကို အိမ်တွင်ချိတ်ဖို့  ကိုကိုဝယ်လာတုန်းကဆိုလျှင် မေမေမှစ၍ သားသမီးအကုန်လုံးကို ထိုစာတန်းရှေ့  တွင် ရပ်စေကာ ဤသို့ ရှင်းပြပါသည်။
" ကဲ…..သားတို့ သမီးတို့  ဒီစာသားလေးကို သေချာဖတ်ကြည့်ကြပါဦး သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါဆိုတော့ တကယ်လို့ သင်မကောင်းလျှင် ကျွန်ုပ်လည်းဆိုးမှာပေါ့လို့ ဆိုလိုချင်သလိုဖြစ်မနေဖူးလား။ တကယ်တော့ကွယ် သူတော်ကောင်းဆိုတာ သူတော်အောင် ကိုယ်ကအရင်ကောင်းပေးရတယ်ကွဲ့ ။ ဘယ်သူတွေတရားရားပျက်ပျက် လောကမှာ ကိုယ်ကစမပျက်စေနဲ့ ။ တစ်ခုခုကိုကူညီတယ် ပေးတယ်ဆိုရင်လည်း ပြန်ရကောင်းနိုးဆိုတဲ့ မျှော်လင့် ချက်လုံးဝမထားတော့နဲ့ ။ တစ်ဖက်သားအပေါ်ကိုယ်ထားလိုက်တဲ့ စေတနာဟာ တစ်ဖက်က တုံ့ ပြန်မှုမရှိလည်း အဲဒီစေတနာက အလကားဘယ်တော့မှဖြစ်မသွားဖူးဆိုတာ မှတ်ထားကြ။ ရေတခွက်လောက်ပါလို့  တောင်းရင် လိုချင်တဲ့ရေနဲ့ အတူ ခွက်ပါတခါတည်းပါပြီးသားဖြစ်လိမ့်မယ်။ အဲဒီလိုပဲ စေတနာဆိုတာ ထားလိုက်တာနဲ့ ကိုပဲ တန်ဖိုးရှိနေပြီးသားပါ။ ဒီစာသားကို မကပ်တော့နဲ့ ။ ဒီစာသားတွေမကပ်လည်း ဖေဖေတို့ အိမ်က အားလုံးတွက် အမြဲကောင်းမယ့်သူတွေစုဝေးတဲ့နေရာလေး ဖြစ်ပါစေကွယ့်နော် "
ကျွန်မစဉ်းစားကြည့်သည်။ ဖေဖေသည် လောကအတွက် အပေးသမားသက်သက်မျှသာ လာရောက်ခြင်း ပေပဲ လား။ ထိုသို့ ပင် လောကကြီးထဲရှိ ဖေဖေ၊ မေမေ တို့ သည် အပေးသမားသက်သက်များအဖြစ် မွေးဖွားလာခဲ့ကြ ပေလိမ့်မည်။ မည်သို့ ပင်ဆိုစေ မိဘ၏အရိပ်သည်အအေးမြဆုံးဖြစ်သည်။ အလုံခြုံဆုံးဖြစ်သည်။ ထို့ ကြောင့် သား သမီး၏ ဆန္ဒသည် မိဘအတွက် တာဝန်တစ်ခုဖြစ်နေတတ်သည်ကိုလည်း သားသမီးတို့ က သတိထားသင့်ပါ သည်။ ငယ်ရွယ်စဉ်က မသိခဲ့၍ ဆိုးနိုင် နွဲ့ နိုင်သော်လည်း ကိုယ်ချင်းစာနားလည်တတ်ပြီဆိုလျှင်တော့ တတ်နိုင် သမျှ မိဘကို ကိုယ်ချင်းစာ နားလည်သင့်ပေသည်။ မိဘများအသက်ရှင်ခိုက် သူတို့ ၏တန်ဖိုးကို သိသင့်သည်။ မရှိမှ တမ်းတတာထက် ရှိတုန်းမှာ နားလည်ပြီး တန်ဖိုးထားပြန်ပြုစုပေးသင့်ပါသည်။
ကျွန်မမှားနေရင် မှားနေတယ်လို့ သွန်သင်ခဲ့တဲ့ဖေဖေ။ ကျွန်မလိုအင်တွေကို အမြဲတမ်းမရ ရအောင်ဖြည့်ပေး တဲ့ဖေဖေ။ (ကျွန်မ လိုချင်တာတစ်ခုတွက် ဖေဖေသည် သူ့ လက်စွပ်ကို ချွတ်၍ ရောင်းကာ ကျွန်မလိုအင်တွေ ဖြည့်ပေးခဲ့ဖူးသည်)။ ခုတော့ ကျွန်မကို သွန်သင်မပေးနိုင်တော့။ ကျွန်မ ဆန္ဒတွေကို မဖြည့်ပေးနိုင်တော့ပါ။ လူတိုင်းက သေမျိုးချည့်ဆိုလျှင် ဖေဖေ ကျွန်မကိုခွဲခွာသွားတာက တော်တော်ကို စောလွန်းပါသည်။
                                  x………………..x………………….x……………………x
ခုတော့ သမီးတစ်ယောက်တည်း လောကရဲ့ လမ်းမှာ ဘေးကကူတွဲလမ်းပြမဲ့ ဖေဖေမရှိပဲ ဖြတ်သန်းနေပါပြီ။ ဒါပေ မဲ့  သမီးမှာ ဖေဖေသင်ပေးခဲ့တဲ့ သြ၀ါဒတွေရှိတဲ့အတွက် သမီးလမ်းကိုမှန်မှန်နဲ့ အန္တရာယ်ကင်းစွာ ဖြတ်နိုင်နေ ပါပြီဆိုတာ ဖေဖေကို သိစေချင်လိုက်တာ။ ဘယ်လိုပဲဖြစ်ဖြစ် လူ့ လောကထဲတွင် လူသားပီပီသသ နေနိုင်အောင် သွန်သင်ခဲ့သည့်ဖေဖေကိုတော့ ကျွန်မတသက် ဘယ်တော့မှ မေ့ မှာမဟုတ်ပါဖူး ။ ဖေဖေကို အရမ်းလွမ်းပါတယ်။ အရမ်းလည်း သတိရနေပါတယ်ဖေဖေရယ်။
(ဖေဖေ ဆယ်နှစ်ပြည့်အလွမ်း)
                                                                                           ဧပရယ်ဆွေဆွေ
0 comments: