ရွာလေးကိုမ၀င်ခင် လမ်းတစ်လျှောက်မှာ
ကြက်သွန်ခင်းများကို တွေ့ ရပါသည်။ စိမ်းစိုနေသော ကြက်သွန်မိတ်လေးတစ်ချို့ ၏ထိပ်တွင်
အဖြူရောင်အပွင့်လေးများပင် ပွင့်နေပြီ။ ဘယ်နေရာကြည့်ကြည့် အကွက်ကျကျစိုက်ပျိုးထားသော
ကြက်သွန်ခင်းချည်းပင်ဖြစ်ရာ ကျွန်မ အရမ်းသဘောကျနေမိတော့သည်။
ကျန်းမာရေးဗဟုသုတအတွက် ဝေမျှပေးဖို
့ ကျွန်မတို့ ဒီရွာကလေးကို လာခဲ့ကြခြင်းဖြစ်သည်။ မြေလမ်း လှည်းလမ်းလေးအတိုင်း လာခဲ့ကြရာ
စည်းရိုးမရှိဘဲ သဘာဝအပင်များဖြင့်သာ စည်းခြားထားသည့် ကျယ်ဝန်း လှသော မင်းရွာဆိုသော
ထိုရွာလေးသို့ ရောက်ရှိခဲ့သည်။
ရွာဦးကျောင်းသို့ အရင်သွားပြီး ဘုန်းတော်ကြီးအား
အရင်ကြည်ညိုဖြစ်သည်။ တိုင်လုံးတုတ် တုတ်ကြီးများကို ရေနံ(ဂျီး)ချီး မဲနေအောင်သုတ်ထားသည့်
ရှေးဘုန်းကြီးကျောင်းပုံစံဖြစ်ပြီး ကျောင်းပေါ်တွင် ဆင်းတုတော်တစ်ဆူကို သပ္ပာယ်စွာဖူးတွေ
့ရသည်။ ဘုန်းတော်ကြီးမှ ကျွန်မတို့ အဖွဲ့ ကို
သမားဆိုတာ ပြုံးနေမှ၊ စကားဆိုတာ ချိုနေမှ
လို့ ဆုံးမသြ၀ါဒပေးပါသည်။
ထို့ နောက် ကျွန်မတို့ တာဝန်အတိုင်း
အိမ်စေ့လက်ကမ်းစာစောင်များ ဝေမျှကြသည်။ ကျွန်မတို့ သည် လူစုခွဲထွက်လာကာ တစ်အိမ်ဝင်တစ်အိမ်ထွက်
ပေးကြရသည်။ အိမ်တိုင်းအလုပ်ရှုပ်နေကြရာ တစ်ချို့ အိမ်များ တွင် ကြက်သွန်များရွေးနေကြသည်။
တစ်ချို့ က လက်ကမ်းကို စိတ်ဝင်တစားယူသော်လည်း
တစ်ချို့ ကမူ ၀တ္တရားအရသာ ယူသည်။ ပြီးလျှင် ဘေးမှာချထားလိုက်ကြသည်။ တမံသလင်းပေါ်တွင်
ခြေဗလာနှင့် အလုပ်လုပ်သူများစွာတွေ့ ရသည်။ အချိန်ကြာမြင့်စွာ ဤသို့ လုပ်လျှင် သူတို
့အတွက် ကျန်းမာရေး ရုတ်တရက်ထိခိုက်နိုင်သည်မို့  ကျွန်မက ရှင်းပြ မိသည်။
" အိုအေ………..ကျုပ်တို့ တသက်ပဲ
ဒီလိုလုပ်လာကြတာ။ ဒီမြေပေါ်မှာ ဖိနပ်မပါဘဲနဲ့ လည်း ပြေးဖူး တယ် သိလား ။ "
ဟုတ်ပါတယ် ဒေါ်လေး ငယ်ရွယ်ပြီး နုနယ်ချိန်မှာတော့
ခန္ဓာကြီးကအဆင်ပြေမှာပါ။ ဒါပေမဲ့ ဘယ်အရာ မဆို သတိနဲ့ ကြိုတင်ကာကွယ်ထားသင့်တာပေါ့။ တမံသလင်းမှာ
ခြေဗလာနဲ့ ထိုင်ပြီး ရေချိုးမိမယ်ဆိုရင် လေဖြတ်နိုင်တယ်လေ။ ဒါကြောင့် သမီးက ပြောပြတာပါ။
ကျွန်မက ထိုသို့ ပြောတော့ သူမက နှုတ်ခမ်းကိုမဲ့ရင်း
ကျွန်မကိုကြည့်သည်။ ကျွန်မ နှစ်ခြိုက်စွာပြုံးပြ ရင်း " အလုပ်ကိုနှောင့်ယှက်သလိုဖြစ်သွားရင်
တောင်းပန်ပါတယ်နော် ခွင့်ပြုပါဦးရှင့် " နှုတ်ဆက်လိုက်သည်။ စေတနာကို အသိအမှတ်မပြုပေမဲ့ သိသင့်တာကို ကျွန်မပြောခဲ့ရပြီမို
့ ပေါ့ပါးစွာပြုံးရင်း ဆက်ထွက်လာခဲ့သည်။
ကျန်းမားရေးအသိနည်းပြီး ကြိုတင်ကာကွယ်မှုနည်းတတ်တဲ့
ကျွန်မတို့ မြန်မာတွေရဲ့  Quality of life ပိုကောင်းအောင် ကျွန်မတို့ ဘာလုပ်ပေးသင့်လဲလို
့ ကျွန်မစဉ်းစားနေမိသည်။ ဖြစ်မှကုတာထက် ကြိုတင်ကာ ကွယ်သင့်တာ၊ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုနဲ
့လမ်းလျှောက်မှုတွေက ဘယ်လောက်အဖိုးတန်ကြောင်း သူတို့ ကိုသိစေချင်မိသည်။
ရွာလမ်းပေါ်ရောက်တော့ ကျွန်မတို့ အဖွဲ
့မှ ဘယ်သူ့ ကိုများတွေ့ မလဲ လျှောက်ပတ်ကြည့်မိသည်။ မည်သူကိုမျှမတွေ့ ။ ကျွန်မလည်း ကျောပိုးအိတ်ကိုပြင်လွယ်ရင်း
ရွာလမ်းအတိုင်းဆက်လျှောက်လာခဲ့သည်။ ရွာဆိုပေမဲ့ အိမ်ဝိုင်းများက ကျယ်ဝန်းသည့်အတွက်
တစ်အိမ်နှင့်တစ်အိမ် အနည်းငယ်လျှောက်ရသည်။
မန်ကျည်းရိပ်အောက်တွင် ကစားနေသည့် ကလေးတစ်စုကို
တွေ့ သည်မို့  သူတို့ ထဲဝင်ထိုင်ရင်း ကိုယ့် ကို မိတ်ဆက်ပေးလိုက်သည်။
" မင်္ဂလာပါ ကလေးလေးတို့ ရေ။ မမက
ဒီရွာကို လာတဲ့ ဧည့်သည်ပါ ဒီမှာ ခဏလောက် ၀င်ကစား
လို့  ရမလား။ "
ကျွန်မက ထိုသို့ ပြောတော့ သူတို့ ကကြောင်တောင်တောင်နဲ
့ကျွန်မကို ကြည့်ကြသည်။ သူတို့ လက် ထဲတွင်
မုန့် ကိုယ်စီနှင့်။ ကလေးလေးများလက်ထဲမှာ ကျွန်မတွေ့ လိုက်ရတာက ပေါင်မုန့် ။ မှို့ 
မည်းမည်းလေး များပင် တက်နေသော ပေါင်မုန့် ။ ကျွန်မတုန်လှုပ်သွားမိသည်။
" မမကို ပေးပြပါ။ ဒီမုန့် က မလတ်ဆတ်တော့ဘူး
။ တွေ့ လား ဒီမည်းမည်းလေးတွေက မှို လို့ ခေါ် တယ် ဒါကိုစားရင် ရောဂါဖြစ်တတ်တယ်။
"
ကလေးတွေက သူတို့ လက်ထဲက မုန့် ကို စိုက်ကြည့်သည်။
နှမြောတသသော မျက်ဝန်းလေးများကို တွေ့ ရသောကြောင့် နှစ်ခြိုက်စွာပြုံးမိရင်း
" ဒီလိုလုပ် မမမှာ ကွတ်ကီးလေးတွေပါတယ်။
အဲဒါနဲ့ လဲမယ်လေ ဘယ်လိုလဲ "
ကျွန်မ အလဲအလှယ်နဲ့  ကိုယ်စားပေးတော့မှ
သူတို့ က သဘောတူသည်။ သူတို့ လက်ထဲမှ ပေါင်မုန့်  လက်ကျန်များကို အိတ်တစ်အိတ်နဲ့ သိမ်းပြီး
ကျောပိုးအိတ်ထဲမှာ အမြဲဆောင်တတ်သော ကျွန်မ၏ မုန့် တို့ နှင့် လဲပေးလိုက်သည်။
အိမ်တိုင်းရှိ လူကြီးများ အလုပ်ခွင်ဝင်ချိန်တွင်
သူတို့ လေးတွေလည်း သူတို့  လူစုနှင့်သူတို့  ၀ိုင်းဖွဲ့ ကစားကြသည်။ လူကြီးများပေးခဲ့သော
မုန့် ဖိုးဖြင့် စားချင်တာ စားကြသည်။ နောက်တော့ ဖြစ်ချင်တာ ဖြစ်ကြလိမ့်မည်။ သူတို့ သိသင့်သည့်
ကျန်းမာရေးအကြောင်းအရာများကို ပြောရင်း ထိုမန်ကျည်းပင်ရိပ် အောက်တွင် အချိန်ကုန်မှန်းမသိကုန်သွားသည်။
သူတို့ ဆီမှ ထွက်လာသောအခါ အိမ်တစ်လုံး၏အဖီတစ်ခုအောက်တွင်
ခေါင်းလျှော်ထားဟန် တူသည့် ဆံပင်ဖားလျား နှင့် ဒေါ်လေးတစ်ယောက်ကိုတွေ့ ရသည်။ သူမသည်
အိပ်တော့မည်ဟန်ရှိသည်။ ခေါင်းအုံးကို ကျကျနန နေရာချနေဆဲ " သမီးက ကျန်းမာရေးလက်ကမ်းစာစောင်လာပေးတာပါ
ဒေါ်ဒေါ်"
သူမက ကျွန်မကို တစ်ချက်စိုက်ကြည့်သည်။
ထို့ နောက် ကျွန်မ ကမ်းပေးသော စာရွက်ကိုယူရင်း ခေါင်းအုံးပေါ်လှဲချလိုက်သည်။
" ဒေါ်ဒေါ် ခေါင်းလျှော်ထားတာဆိုရင်
ခု မအိပ်သင့်ဘူး။ ခေါင်းခြောက်သွားမှ အိပ်ပါ့လား ဒေါ်ဒေါ် လေဖြန်းတတ်လို့  သမီးက သတိပေးတာပါ။ ခေါင်းအစိုနဲ
့အိပ်ရင် ပါးရွဲ့ သွားတာမျိုး ဖြစ်နိုင်လို့ ပါ"
ကျွန်မ ထိုသို့ ပြောတော့ စိတ်ရှုပ်ဟန်ပြုကာ
" သြော် ငါ့နဲ့ နော် အိပ်ကောင်းခြင်း
မအိပ်ရပါ့လားနော်။ ကဲ ရပြီလား ရပြီလား
" သူမက ပြောပြောဆိုဆို ပြန်ထရင်း ပြောသည်။ ကျွန်မ ပြုံးပြလိုက်ရင်း
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဒေါ်ဒေါ်
သမီးကို ခွင့်ပြုပါဦး "
နှုတ်ဆက်ရင်း
ထွက်လာတဲ့ ကျွန်မ ကိုယ့်ကိုကိုယ် ဘာကြောင့် ကျေးဇူးတင်တယ်လို့ ပြောခဲ့မှန်းမသိ ။ ပြန်စဉ်းစားမိသည်။
သူ့ အကျိုးအတွက်လည်း ပြောပြရသေးသည်။ ကျွန်မကလည်း ကျေးဇူးတင်ရသေးသည်။ ကျွန်မ ကိုယ့်အတွေး
ကို နှစ်ခြိုက်ရင်း ပြုံးမိသည်။ ဘုန်းတော်ကြီးပြောလိုက်သော
သမားဆိုတာ ပြုံးနေမှ၊ စကားဆိုတာ ချိုနေမှ
ဟူသော စကားသံကိုပြန်သတိရမိသည်။
ဓနိစိတ်စိတ်လေးမိုးထားသော တဲအိမ်လေးတစ်လုံးထဲတွင်
အဘွားတစ်ဦးကိုတွေ့ လိုက်ရသည်။ ပြောင်းဖူးဖက် ဆေးလိပ်တိုကိုဖွာရင်း လမ်းမဘက်ကိုကြည့်နေသည့်အတွက်
ကျွန်မလာတာကိုလည်း သူမ မြင်နိုင်ပါသည်။
အဘွား သမီးကို ၀င်ခွင့်ပြုပါ လို့ ခွင့်တောင်းတော့
" အေး…လာလာ " ဟုဆိုကာ သူ
့ဘေးက နေရာကိုပါပြကာ ထိုင်ခွင့်ပေးသည်။
" သမီးက ကျန်းမာရေး ဗဟုသုတစာစောင်လေးပေးဖို
့လာခဲ့တာပါ အဘွား ဒါလေးက လက်ကမ်း စာစောင်ပါ "
" အင်း အဘွားက စာမတတ်ဖူးကွဲ့ ။
သမီး တောထဲကလာမှပဲ ဖတ်ခိုင်းလိုက်မယ် "
" ရပါတယ် အဘွားရဲ့ ။ သမီးဖတ်ပြပါ့မယ်။
ခုတော့ အဘွားလက်ထဲက ဆေးလိပ် ခဏလောက် ချထားပေးပါ့လား အဘွား "
ကျွန်မထိုသို့ ပြောတော့ အဘွားက ဘာမှပြန်မပြောပဲ
အနီးရှိ နို့ ဆီပုံးခွက်လေးထဲထည့်ထားလိုက်သည် ကျွန်မ စာစောင်ကို ဖတ်ပြလိုက်သည်။
တလက်စတည်း ဆေးလိပ်၏ ဆိုးကျိုးများကိုပါပြောပြလိုက်ပါသည်။
အရောင်တောက်ပမှုကင်းနေသော မျက်ဝန်းများက ကျွန်မစကားလုံးတို
့ကို သေချာနားထောင်နေကြောင်း သက်သေပြနေပါသည်။ ကျွန်မ စကား ဆုံးတော့
" အင်း ငါ့သမီးပြောပြတော့လည်း
ဆေးလိပ်ရဲ့ အပြစ်က ကြောက်စရာပဲကွဲ့ ။ အဘွားတို့ က အသက် ၁၄ နှစ် ၁၅ နှစ်လောက်ကတည်းက
ဆေးလိပ်ကိုသောက်ခဲ့တာ။ အဖိုးတွေ အဘွားတွေက မီးတို့ ခိုင်းတာက စလို့  ကလေးတွေဆိုတော့
စမ်းဖွာကြည့်ကြတာပေါ့။ ဒီလိုနဲ့ ပဲ စွဲလာခဲ့ကြတာပေါ့ "
" ဟုတ်ကဲ့ အကျင့်မဲ့ အကျင့်ပေါ့
အဘွားရယ်၊ ဒါပေမဲ့ ကိုယ့်အတွက်မကောင်းဖူး သိနေမှတော့ ရှောင် သင့်ပြီပေါ့နော် ။ သမီးက
ဆရာလုပ်တာမဟုတ်ပါဘူး ။ သိသင့်တာလေးတွေ ပြောပြပေးတာပါ။ "
အဘွားက ခေါင်းတညိတ်ညိတ်လုပ်ရင်း
" ကျေးဇူးတင်ပါတယ်ကွယ်နော်။ ကဲ သမီးလေးလည်း ရှင်းပြရ တာမောရော့မယ်။ အကြမ်းသောက်လိုက်ဦး
"
အဘွားကမ်းပေးသော ရေနွေးခွက်ကို လက်နှစ်ဖက်နှင့်ယူလိုက်ရင်း
မောသမျှကို ဖြေလိုက်မိသည်။ ပြီးတော့ အဘွားကိုနှုတ်ဆက်ကာ ထွက်လာခဲ့သည်။ ရွာလမ်းမပေါ်ရောက်တော့
ကျွန်မ ဘာရယ်မဟုတ် ကောင်းကင်ကြီးကို မော့ကြည့်လိုက်မိသည်။
အပြာရောင်နောက်ခံ ကောင်းကင်ကြီးထဲမှာ
အဖြူရောင် တိမ်တိုက်တွေက သဏ္ဍာန်အမျိုးမျိုးဖြင့် တည် ရှိနေကြသည်။
" ကောင်းကင်ပေါ်ကတိမ်တိုက်လေးတွေဟာ
သဏ္ဍာန်အမျိုးမျိုးရှိသလိုပဲ ဒီကောင်းကင်ကြီး အောက်က လူတွေကလည်း သဏ္ဍာန်အမျိုးမျိုးနဲ့ ပါလား"
လို့  တွေးရင်း ဖုန်မှုန့် များဖြင့် ဖွေးဖွေးဖြူနေသည့်ခြေထောက် လေးများကို နောက်ထပ်
နောက်ထပ်သော တိမ်တိုက်လေးများဆီသို့  တက်ကြွစွာလှမ်းခိုင်းလိုက်မိသည်။
စေတနာဟာ ဘယ်တော့မှ အလကားမဖြစ်ဘူး ဆိုတဲ့
ဖေဖေအသံကိုကြားယောင်ရင်းပေါ့………………
ဧပရယ်ဆွေဆွေ
0 comments:
Post a Comment