Images

သတင်းမှသည်……………



ကမ္ဘာတစ်ဝှမ်းမှ ဖြစ်ပျက်သမျှအကြောင်းအရာများသည် တစ်ခဏချင်း နေ့ ချင်း ညချင်း အင်တာနက်စာမျက်နှာ များတွင် ၀င်ရောက်လာနေသည့်အတွက် ရှောင်စရာဆိုလျှင် ကြိုတင်ကာကွယ်ထားနိုင်ပြီး ဆောင်စရာဆိုလျှင် လည်း သူများထက်ပို၍ လက်ဦးမှုယူနိုင်သည့်ခေတ်ဖြစ်သည်။
          သို့ သော် အရာအားလုံးကိုမူ အမှန်ဟုယုံကြည်၍မရပါ။ စာတစ်ပုဒ်ကိုဖတ်လျှင် ထိုစာပေါ်မှစီးဖတ်နိုင်ဖို့  လိုပါသည်။ စင်စစ်စာရေးသားသူကိုယ်တိုင်က ကိုယ်တွေ့ မဟုတ်သော အတွေးသက်သက်ဖြင့်သာရေးထားခြင်း ဖြစ်လျှင် ထိုစာကိုရာနှုံးပြည့်ယုံကြည်ရန်မှာမူ စာဖတ်သူ၏ အသိဥာဏ်ဗဟုသုတနှင့်သာဆိုင်သည်။
          အင်တာနက်ခေတ်တွင် သတင်း၏မြန်နှုန်းသည် အလွန်လျှင်မြန်လှသည်ဖြစ်သည်။ ပွင့်လင်းမြင်သာ သော သတင်းမီဒီယာခေတ်တွင် ပြည်သူတို့ အတွက် မှန်ကန်သောသတင်းကို အချိန်နှင့်တပြေးညီထုတ်လွှင့် ပေးနိုင်ခြင်းမှာ ကောင်းသောလက္ခဏာဖြစ်သည်။ လူများစိတ်ဝင်စားအောင် ပွဲဆူအောင် ခေါင်းစဉ်ကောင်း ကောင်းနှင့်ဆွဲဆောင်ကာ ဘာမှမဟုတ်သောအတင်းများကတော့ လူတွေရဲ့ အာရုံကိုကြာရှည်မဆွဲဆောင်နိုင် တော့ပါ။
          ပြည်သူအများစုကတော့ နားထောင်သူ စာဖတ်သူအများစုဖြစ်သည်။သတင်းသမားများအနေဖြင့် မိမိရဲ့  သတင်းအချက်အလက်၏ မှန်ကန်မှုကိုတာဝန်ယူတတ်သူဖြစ်ဖို့ လိုသည်။ သွေးထိုးသော မဟုတ်တမ်းတရား အချက်များသည် ပြည်သူတို့ အတွက် အဆိပ်ဖြစ်စေသည့်အတွက် မိမိပေးလိုက်သောအရာသည် တန်ဖိုးရှိ သည့်အရာသာဖြစ်ဖို့ လိုသည်။
          ပုံစံအမျိုးမျိုးနှင့်ဖော်ပြနေကြသော သတင်းများတွင် အမှန်ကော မမှန်တာတွေကော ရောထွေးနေတတ် သည့်အတွက် ပြည်သူများအနေနှင့်လည်း ချင့်ချိန်ယုံတတ်ဖို့ လိုပါသည်။ အသံကြောင့် ဖားသေရသည်ထက် ပိုဆိုးနိုင်သည်။ သတင်းပွင့်လင်းမှုခေတ်မှာ အခွင့်ကောင်းယူကာ မှန်ကန်မှုမရှိသောသတင်းများဖြစ်ပါကလည်း ပြည်သူများက ရှုတ်ချကာ သင်ခန်းစာပေးသင့်သည်။
                    ယခင်က ကလောင်တစ်ချောင်းရဖို့  အခြေအနေ အချိန်အခါများစွာကြိုးစားရသော်လည်း ယခု အင်တာနက်ခေတ်တွင် enter တစ်ချက်ခေါက်၍ ဖော်ဆောင်နိုင်နေပြီဖြစ်သည်။ မည်သူက မသတ်မှတ်မှတ် ကိုယ့်ဘာသာ သတင်းသမားလိုလို ဘာလိုလိုနှင့် နေရာယူလာသူများလာသည်။
          စင်စစ် သတင်းကိုဖြန့် ရာတွင် ဖြစ်ပွားရာဒေသရင်းမြစ်မှ ရသောသတင်းသည်သာ 99 % မှန်နိုင်သည် ဟုဆိုနိုင်သည်။ ထိုင်ခုံတစ်လုံးပေါ်မှာတင်ထိုင်၍ ရေးသောသတင်းတွင်မူ သူ၏ အတွေးအမြင်သည် လုံးဝမှန် ကန်မှုမရှိနိုင်ပါ။ ဖုန်းဆက်ရုံဖြင့်ကြားရသော သတင်းသည်လည်း ကောလဟာလပါဝင်ဖို့ ရာခိုင်နှုန်းများသည်။ အခြေအမြစ်မရှိသည့်အကြောင်းအရာသည် သတင်းမဖြစ်နိုင်ပါ။
          အမှန်တကယ်ဖြစ်နေသည့်အကြောင်းအရာများကို တိကျစွာ မပြောဆိုခြင်းဟာလည်း သတင်းမီဒီယာ တို့ ၏အလုပ်မဟုတ်ပါ။
          ဆိုလိုချင်သည်က  မမှန်သတင်းကို သတင်းသမားစစ်စစ်များက မဆိုကြသလို၊ မှန်ကန်သောသတင်း များကိုလည်း ထိန်ချန်သည်မှာ သတင်းသမားစစ်စစ်များမလုပ်ကြပါ။ ပြည်သူများအနေဖြင့်လည်း နားထောင်သူ အဆင့်မှ ချင့်ချိန်ယုံနိင်သည့်အဆင့်ရှိရမည်။ ပြောသမျှ ကြားသမျှအမှန်ဆိုတဲ့ခေတ်က ကုန်ခဲ့ပြီမို့  ကိုယ်ပိုင် ဥာဏ်နှင့် သတိထားဖို့ လိုသည်။  လူတိုင်းမှာ ပြောနိုင်တဲ့ပါးစပ်ကိုယ်စီရှိသလို ရေးနိုင်တဲ့လက်ကိုယ်စီရှိကြသော် လည်း ချင့်ချိန်နိုင်သည့် ဦးနှောက်ရှိဖို့ လိုအပ်ပါသည်။
          ထင်သာမြင်သာရှိတဲ့ အချိန်မှာ သတင်းကို ပြည်သူတွေအတွက် အချိန်ကိုက်ထုတ်ပြန်နိုင်မှုသည် မီဒီယာတို့ ၏ တာဝန်မှန်သည်။
          ဟုတ်မှန်သော ကောလဟာလမဟုတ်သော စစ်မှန်သော သတင်းများကို ပြည်သူတွေဆီအရောက်ပို့  နိုင်မှုသည်လည်း သတင်းသမားတို့ ၏ တာဝန်မှန်သည်။
          ထိုသို့ ပင် သတင်းဟူသမျှကို ယုံသင့် မယုံသင့်အကျိုးအကြောင်းနှင့် ချင့်ချိန်ယုံကြည်တတ်ရန်မှာလည်း စာဖတ်သူ နားထောင်သူပြည်သူတို့ ၏ တာဝန်ပင်ဖြစ်ပါသည်။
                                                                   ဧပရယ်ဆွေဆွေ(24-3-2013 10း50 AM)

0 comments: