ငါ့ပါးစပ်ကချစ်ပါတယ်ချစ်ပါတယ်လို့
တဖွဖွပြောမိရင်
ငါ့ကိုရိုးအီမသွားပါနဲ့
နင့်ကိုချစ်တဲ့စိတ်တွေ
ငါ့ရင်နဲ့မဆံ့တော့လို့ဖွင့်ပြောမိတာ
နင်ငါ့ကိုနားလည်ပေးပါ။
နင်ငါ့ကိုချစ်ပါတယ်ဆိုတဲ့စကားကို
ထပ်ကာထပ်ကာပြန်ကြားချင်တဲ့အခါ
ငါ့ကိုစိတ်ပျက်မသွားပါနဲ့
နင့်နုတ်ဖျားက
ငါ့ကိုချစ်တယ်ဆိုတဲ့စကားကိုကြားရတိုင်း
အားအင်တွေပြည့်ဝလာပြီး
အရာရာကိုရင်ဆိုင်ကျော်ဖြတ်နိုင်လို့
နင်ငါ့ကိုနားလည်ပေးပါ။
နင့်ကိုတွေ့တိုင်း
ဆွံ့အနေတတ်တဲ့ငါ့ကိုစိတ်မကုန်ပါနဲ့
နင့်ကိုသတိရစိတ်တွေ ချစ်တဲ့စိတ်တွေပြွတ်သိပ်ရင်းနဲ့
အစဖော်မရတာ
နင်ငါ့ကိုနားလည်ပေးပါ။
နင်နဲ့ဆုံရတိုင်း
ကျစ်ကျစ်ပါအောင်ဖက်ထားတတ်တဲ့
ငါ့ကိုစိတ်မကုန်ပါနဲ့
နင်မရှိရင်မဖြစ်တဲ့ငါ့ဘ၀မှာ
နင့်ကိုဘယ်လိုမှဆုံးရှုံးမခံနိုင်လို့
နင်ငါ့ကိုနားလည်ပေးပါ။
ချစ်သူများနေ့ရောက်တိုင်း
ပန်စည်းလှလှလေးတွေ
အရုပ်လှလှလေးတွေမပေးနိုင်တဲ့ငါ့ကို
ငြီးငွေ့မသွားပါနဲ့။
နင့်ကိုသစ္စာရှိရှိချစ်ပြနိုင်တာကလွဲလို့ ချို့တဲ့တဲ့ငါ့ဘ၀အခြေအနေကို
နင်ငါ့ကိုနားလည်ပေးပါ။
လူသူတွေများတဲ့နေရာကို
နင်နဲ့အတူတူတွဲမသွားချင်တာ
ငါ့ကိုတစ်မျိုးမထင်ပါနဲ့
ငါ့ကြောင့်နင့်အသိုင်းအ၀ိုင်း
နင့်ဘော်ဒါတွေကြားထဲမှာနင်မျက်နာငယ်ရမှာမို့
နင်ငါ့ကိုနားလည်ပေးပါ။
နင်တခြားသူတွေနဲ့
ဖော်ဖော်ရွေရွေစကားပြောနေတိုင်း
သ၀န်တိုတတ်တဲ့ငါ့ကိုစိတ်မကုန်ပါနဲ့
ငါ့ရင်ထဲမှာလည်း
နင်တစ်ယောက်ပဲရှိလို့
နင့်ရင်ခွင်ကိုလည်းငါတစ်ယောက်ပဲပိုင်စိုးချင်တယ်
နင်ငါ့ကိုနားလည်ပေးပါ။
နင်နဲ့ပတ်သက်တဲ့အကြောင်း
နင့်ကိုချစ်တဲ့အကြောင်း
ဘာမဟုတ်တဲ့ငါက
ဖတ်လို့မကောင်းတဲ့ ကဗျာတွေစာတွေလျှောက်ရေးတဲ့အခါ
နင်ငါ့ကိုစိတ်မကုန်ပါနဲ့။
ငါ့အတွေးထဲ
ငါ့ရင်ဘတ်ငါ့အသွေးအသားထဲတိုင်းမှာ
နင့်အကြောင်းတွေပဲပြည့်နေတာမို့
စကားလုံးတစ်လုံးရေးမိတိုင်းနင့်အကြောင်းပဲဖြစ်ဖြစ်နေတာ
နင်ငါ့ကိုနားလည်ပေးပါ ။
ဧပရယ်ဆွေဆွေ
0 comments:
Post a Comment