Images

အဖေ့ ရွာ

ကျွန်မငယ်ငယ်ကလေးကတည်းက အဖေရွာပြန်သည်ဆိုလျှင် လိုက်ချင်ခဲ့တာပါ။ သို့ သော် အဖေက ပေးမလိုက်။ အဖေ့ရွာအမည်က ၀က်လက်ဆိုသော ရွာကလေးပေါ့။ ၀မ်းတွင်းမြို့ နယ်အတွင်းမှာရှိပြီး သွားလာရေးခက်ခဲတာ ကြောင့် အဖေက ကျွန်မကို ဘယ်တော့မှ မခေါ်ပါ။ အရမ်းလိုက်ချင်သော ကျွန်မကို ခရီးသွားရတာ အရမ်းပင်ပန်းကြောင်း ပြောကာ အဖေက မလိုက်စေပါ။ ခုတော့ အဖေလည်းမရှိတော့။ အဖေ မကြာခဏပြောဖူးသော အဖေရွာကို မကြီးကို အတင်း ဂျီတိုက်ကာ လိုက်ပို့ ခိုင်းရသည်။ တကယ်လည်း ပင်ပန်းလွန်းလှသည့်ခရီးပါ။ စင်စစ် လမ်းခရီးက သိပ်ဝေးလှသည်မဆိုသာ။ လမ်း၏ ကြမ်းတမ်းမှုကြောင့်လည်းကောင်း၊ လမ်းဟုခေါ်ရလောက်အောင် နေရာပြစရာမရှိခြင်းတို့ ကြောင့် လည်းကောင်း ပင်ပန်း ခြင်းသာ။ ရွာကိုမ၀င်ခင် ကျွန်မ ရွာ၏ပတ်ဝန်းကျင်ကို သေချာကြည့်မိသည်။ အပင်တွေအားလုံးလိုလို စိမ်းစိမ်းစိုစိုရှိလှသည်။ ရွာဦး ဘုန်းကြီးကျောင်း၏ စေတီလေးကို သစ်ပင်များထက်မှာ လှမ်းတွေ့ ရသည်။ ပဲခင်းများ၊ ပြောင်းဖူးခင်းများ၊ ပဲစင်းငုံခင်းများဖြင့် အေးချမ်းမှုရှိလှသည်။ ကျွန်မတို့ ဝင်လာကတည်းက လူစိမ်းများဖြစ်၍ ကလေးလူကြီးများသာမက ခွေးများပင်လိုက်၍ ကြည့်ကြ သည်။ လူဆိုတာ သူတို့ မမြင်ဖူးဘူးလားမသိ။ မကြီးက တစ်ခေါက်ရောက်ဖူးသူဖြစ်၍ အဖေ့၏အမျိုးအနွယ်အိမ်ဆီကို ချက်ချင်းဦးတည်သွားသည်။ ကျွန်မကတော့ ကိုယ်လုံးတီးနဲ့ ကလေးလေးများကို ကြည့်ရင်း အံ့သြနေမိသည်။ လူကြီးတစ်ချို့ ၏ ခြေထောက်တွင်လည်း ဖိနပ်မပါကြ။ ဖုန်နည်း နည်းထူသော ရွာလမ်းပေါ်တွင် သူတို့ လမ်းလျှောက်နေသည်မှာ ပန်းမွေ့ ယာပေါ်သွားနေသလိုပင်။ အဖေ့ တူမအိမ်ရောက်တော့ သူတို့ က ၀မ်းသားအဲလည်းကြိုဆိုကြသည်။ လမ်းတွေ့ ရင်တောင် အမျိုးလို့ မသိနိုင်သောသူအချင်းချင်းဆုံတွေ့ ရသည်ဖြစ်၍ အားလုံးက ၀မ်းသာနေကြသည်။ ထိုင်စရာခုံကိုကြည့်တော့ ကလေးများတက်ထား၍ထင့်။ ဖုန်ခြေရာများနှင်။့ စားပွဲဆိုသည်က လည်း ချေးအထပ်ထပ်တက်ကာ မဲညစ်နေသည်။ထိုင်ဖို့ အမြန်သုတ်ပေးသည်။ ကျွန်မနှင့် မကြီးထိုင်လိုက်သောအခါ သူတို့  အတွက် ထိုင်စရာမရှိတော့။ ခုနက နောက်က လိုက်လာသော ကလေးတစ်အုပ်နှင့် လူကြီးများရော အိမ်ရှိသူများပါ အောက်မှာ ထိုင်ကြသည်။ ကျွန်မ ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။ အဖေ့ တူမဆိုသူ၏ ယောက္ခမကြီးကို နေရာပေးကာ ကျွန်မရပ်နေ လိုက်သည်။ အိမ်ကလေးက သပ်ရပ်သည် မဆိုသာသော်လည်း နေချင်စဖွယ်တော့ရှိသည်။ ဘုရားစင်သည် အိမ်တစ်ခုလုံးတွင် အသပ်ရပ်ဆုံးဖြစ်ပြီး ဇိမ်ခံပစ္စည်းဟူ၍ တိတ်ခွေထည့်တဲ့အဖုံး ပြုတ်နေသော ကက်ဆက်လေးတစ်လုံးသာတွေ့ ရသည်။ ခရီးက ရောက်စဖြစ်၍ ချွေးဆို့ နေသော ကျွန်မတို့ ကို ယပ်တောင်များဖြင့် ၀ိုင်းခတ်ပေးကြသည်။ အအေးမြဆုံးမှာကား ၀မ်းသာနေပုံရသည့် သူတို့ မျက်နှာလေးမှ အပြုံးများဖြစ်သည်။ ကျွန်မထက် နည်းနည်းငယ်မည်ထင်သော ကောင်မလေးတစ်ယောက်က အသွားလိပ်နေသော ဓားမကြီးနှင့် ဖရဲသီး တစ်လုံးကို အားရပါးရ လှီးနေသည်။ ပါးပါးလှပ်လှပ်လှီးခြင်းမဟုတ်ဘဲ ဖရဲသီး၏ အရှည်အတိုင်း စိတ်ခြင်းဖြစ်သည်။ ပြီးတော့ ကျွန်မတို့ ရှေ့ ကို လင်ပန်း ထဲထည့်ကာ လာချသည်။ ဒါကြီးကို ဘယ်လိုစားရမလဲ။ အဒေါ်ကြီးတစ်ယောက်က ကျွန်မပါးစပ်ထဲကို အတင်းကျွေးတော့မည့်အတိုင်း လုပ်နေ၍ အမြန်ယူထားလိုက်ရသည်။ ထို့ နောက် သူတို့ မျက်နှာများကိုကြည့်လိုက်တော့ စားစေချင်သည့် အရိပ်အယောင်များမြင်လိုက်၍ ဖရဲသီးစိတ်ရှည်ရှည်၏ အလယ်မှ ကိုက်ပြစ်လိုက်သည်။ ကလေးတစ်ချို့ က ကျွန်မ စားသည်ကို ရယ်နေကြသည်။ မကြာခင်မှာပဲ အဖေ့ ရဲ့ အမျိုးများအားလုံးရောက်လာကြသည်။ အဖေ့ မျက်နှာနှင့် ခပ်ဆင်ဆင်တူသော ကျွန်မမျက်နှာကို သေချာကိုင်ကြည့်သူကကြည့် ။ လက်ကိုကိုင်သူက ကိုင်နှင့် ၀မ်းနည်းနေသည့် သူတို့ မျက်နှာကို မြင်ရသည်နှင့် ကျွန်မလည်း ငို ချင်လာမိသည်။ " ဦးလေးက ကိုယ်စားလေးထားခဲ့တာပဲနေမှာ " မျက်နှာအရေပြားများရှုံ့ တွကာ ဇရာ၏အရေးအကြောင်းများနှင့် မိန်းမကြီးက ထိုသို့ ပြောသည်။ " အဲဒါ အဖေ့အစ်ကိုရဲ့  သမီးလေ ၊ မမတို့ နဲ့ တစ်ဝမ်းကွဲပေါ့။ " မကြီးက ပြောပြတော့မှ ကျွန်မနှင့် ညီအစ်မ၀မ်းကွဲတော်သည်ဆိုသည့် ထိုအမျိုးသမီးကြီးကို သေချာကြည့်မိသည်။ စင်စစ် သူမ အသက် သိပ်မကြီးလှသေး။ သို့ သော် ယခုအသွင်ကတော့ မေမေ့ထက်ပင် အသက်ကြီးလှသည်ဟု ထင်ရသည်။ တောမှာနေရ သောကြောင့်လည်းကောင်း၊ ဆင်းရဲလှသော တောသူတောင်သားတို့ ၏ အလုပ်ကြောင့်လည်းကောင်း ဤသို့ ဖြစ်ဟန်တူပါသည်။ ကျွန်မ သူမလက်နှစ်ဘက်ကို ကိုင်ဆုပ်ရင်း သူမကိုပြုံးပြလိုက်သည်။ အိမ်၏ မြေတလင်းပြင်ပေါ်တွင် ပွဲကြည့်တော့မည့်ဟန် နေရာယူထားကြသော ကလေးလူကြီးများကို ထပ်ကြည့်မိပြန် သည်။ အိမ်ကတည်းက စီစဉ်လာသော တုတ်ချောင်းချိုချဉ်ထုပ်လေးများ၊ ချောကလက်များကိုထုတ်ကာ ကလေးများကို လိုက်ဝေ လိုက်သည်။ မကြီးကတော့ လူကြီးတချို့ နှင့်စကားပြောနေသည်။ ခဏနေတော့ လူတစ်ယောက်ရောက်လာသည်။ ဘုန်းကြီး ကျောင်းမှ ကပ္ပိယ ဟုဆိုသည်။ ဘုန်းတော်ကြီးက ဧည့်သည်များကို ခေါ်ခိုင်းကြောင်းဆိုသည်။ သို့ နှင့် ကျွန်မတို့ သည် စောစော က စေတီကလေးရှိရာ ရွာဦးဘုန်းကြီးကျောင်းဆီသို့ သွားကြသည်။ ဘုန်းကြီးကျောင်းဆိုသော်လည်း ရွာ၏ထုံးစံအတိုင်း ခြေတံရှည် စုလစ်အမိုးအချွန်နှင့် သိပ်မကြီးလှပါ။ ကျောင်းပေါ်တက် သော ကျောင်းလှေကားလေးတွေကတော့ ကျွန်မသဘောကျပါသည်။ ဘုန်းတော်ကြီးမှာ အသက်တော်တော်ကြီးလှပြီ။ တော်တော်များများ မရှိတော့သောသွားများကြောင့် ပါးနှစ်ဘက်မှာချိုင့်ဝင်နေသည်။ အဖေသည် ငယ်စဉ်ကတည်းက ကိုရင် ၀တ်ပြီး ကျောင်းထိုင်ဖြစ်ကာမှ လူထွက်ခဲ့သူဖြစ်ပါသည်။ အဖေနှင့် အသက်သိပ်မကွာသော ဘုန်းတော်ကြီးသည် အဖေ့ ကို ကောင်းကောင်းသိသည်။ ထို့ ကြောင့် အဖေ့ရဲ့ သွေးသားကျွန်မတို့ ကို ကြည့်ချင်၍ ခေါ်ခိုင်းခြင်းဖြစ်သည်။ ဘုန်းတော်ကြီးအား ၀တ်ချကာ မေးသမျှကို မကြီးက ဒိုင်ခံဖြေကြားနေသည်။ ကျွန်မကတော့ ဘုရားကျောင်းဆောင်အ တွင်းက ဘုရားဆင်းတုများကို လိုက်ကြည့်မိသည်။ ခဏကြာတော့ ဘုန်းတော်ကြီးက ကပ္ပိယကို ကျောင်းဆောင်ကိုသော့ဖွင့်ခိုင်း သည်။ " အဲဒီအထဲမှာ တကာမလေးတို့ ဘိုးဘေးတွေလှူခဲ့တဲ့ ဘုရားဆင်းတုရှိတယ်။ ရောက်တုန်းဖူးသွားကြ။ ဘိုးဘေးလှူခဲ့တဲ့ဘုရား ပေါ့။ တကာမလေးတို့ အဖေလည်း ရွာရောက်တိုင်း ၀င်ဖူးလေ့ရှိတယ်။ " ဘုန်းတော်ကြီး ခွင့်ပြုချက်နှင့် ကျွန်မတို့ ညီအစ်မနှစ်ယောက် အဘိုးအဘွားများ ( ကျွန်မလုံးဝမမြင်ဖူးပါ ) ၏ ကုသိုလ်တော် ဘုရား ကိုဖူးခွင့်ရသည်။ သူတို့ အတွက်လည်း ဆုတောင်းအမျှဝေပေးခဲ့သည်။ ကျွန်မတို့ ကျောင်းဆောင်ထဲက ပြန်ထွက်လာချိန် တွင် ကပ္ပိယကြီးက ထမင်းဝိုင်းပြင်ပြီးနေပြီ။ ဘုန်းတော်ကြီး သဘောကျ ဆွမ်းကျန်များကို ထမင်းပွဲပြင်ထားခြင်းဖြစ်သည်။ ကျွန်မ တို့ လည်း မငြင်းသာ၍ ထမင်းစားခဲ့ကြသည်။ အသားဟင်းလုံးဝ မပါပါ။ ဟင်းရွက်စိမ်းနုနုလေးများနှင့် ပဲဟင်း။ သရက်ချဉ်သုပ်။ နွားနို့ ကို အခဲမလုပ်ဘဲ အရည်ချက် ချက်ထားသည်။ ငရုပ်သီးနီနီလေးတွေထောင်းထားသည်။ ဆာနေ၍လားမသိ။ ကျွန်မ ဟင်းရွက်စိမ်းများနှင့် အားရပါးရစားဖြစ်သည်။ ထို့ နောက် လှူစရာရှိတာများ လှူပြီး ရွာထဲပြန်ဖို့ ကျောင်းအောက်ဆင်းလာတော့ ဘယ်တုန်းက ရောက်နေမှန်းမသိသော ရွာကလူများ လှည်းဖြင့် အောက်မှာစောင့်နေကြသည်။ လှည်းမစီးဖူးသော ကျွန်မ အရမ်းပျော်ရွှင်သွားသည်။ လှည်းပေါ်တွင် ကောက်ရိုးများခင်းထားပြီး အပေါ်တွင် ဖျာခပ်လတ် လတ်တစ်ချပ်ခင်းပေးထားသည်။ ကျွန်မကတော့ လှည်းစီးချင်သောသူဖြစ်၍ လှည်းပေါ်အမြန်ရောက်သွားသည်။ နွားနှစ်ကောင် ဆွဲထားသော လှည်းကလေးသည် ခပ်နှေးနှေးပင်။ လမ်းမညီသော ရွာလမ်းပေါ်တွင် လှည်းကဆောင့်လိုက်အောင့်လိုက်ဖြင့် သွား နေသည်။ တလိမ့်လိမ့်တက်လာသော ဖုန်လုံးများကြောင့် နှာခေါင်းကို လက်ဖြင့်အုပ်ထားရသည်။ တဟဲ့ဟဲ့နှင့် နွားငေါက်သံ၊ ချူသံ ကလောင်ကလောင်သံလေးသည် ရွာထဲတွင် ဆူညံနေမည်လား။ နွားခလောက်သံသည် ကျေးလက်၏ ဂီတ သံဖြစ်ပေ လိမ့်မည်။ တစ်သက်လုံး သည်လို နွားလှည်းကလေးနဲ့  နေနိုင်ရဲ့ လား ကိုယ့်ဘာသာမေးမိသည် ။ သို့ သော် အဖြေမရှိ။ ကျွန်မ ခေါင်းကိုခါပစ်လိုက်သည်။ ဒါကို အဖေသိသည်လေ။ ဒါကြောင့်လည်း သူကြီးပြင်းခဲ့တဲ့ ဒီနေရာလေးကို သူ့ သားသမီးလေးများကို မခေါ်ချင်ခဲ့တာပေါ့။ ကျွန်မအဓိက သွားချင်သည်က အဖေကြီးပြင်းခဲ့သည်ဆိုသည့် အဖေ့ရဲ့ အိမ်ကလေးဆီကိုဖြစ်သည်။ ထိုနေရာရောက်သည့်အခါ အိမ်ကမူ ယခင်အိမ်မဟုတ်တော့ဟု မကြီးကပြောပြသည်။ ယခုအဖေ့ရဲ့ တူတော်သည့်သူက နေနေသည်။ ကျွန်မ ထိုဝိုင်းကလေးကို သေချာလိုက်ကြည့်မိသည်။ သာမာန်ဝိုင်းကလေးများထက် မြေပြင်နည်းနည်းပိုမြင့်သည်။ မြေသား အရောင်သည် အဖြူရောင်ဘက်ဆန်သည်။ ၀ိုင်း၏ အရှေ့ ဘက်တွင် သစ်ပင်ပုကလေးတစ်ပင်ရှိသည်။ ထူးခြားသည်က ထိုသစ်ပင်သည် အဖေတို့  ငယ်ငယ်ကလေးကတည်းက ထိုအတိုင်းပင်ရှိသည်ဟုဆိုသည်။ ၀ိုင်းရှေ့ တွင် လှည်းလမ်းကလေး ရှိသည်။ ၀ိုင်းကို တစ်ပတ်ပတ် ကြည့်ရင်း ဒီနေရာမှာ အဖေ ကစားခဲ့ဖူးမှာပေါ့။ ဒီနေရာမှာ အဖေပျော်ရွှင်ခဲ့ဖူးမှာပေါ့…… ဒီနေရာမှာ………….. ဘယ်နေရာကိုကြည့်ကြည့် အဖေ့ပုံရိပ်များကို မြင်လာမိသည်။ ရင်ထဲမှာဆို့ တက်လာသော အဖေ့ကို သတိရမှုများအား မျက်လုံးစုံမှိတ်ကာ မျိုချလိုက်မိသည်။ အဖေ… အဖေ့ သမီး အဖေနေခဲ့ ကြီးပြင်းခဲ့တဲ့ နေရာလေးကိုရောက်နေပြီ။ သမီး သွားချင်တဲ့နေရာကို အဖေ ဘာကြောင့် လိုက်မပို့ ခဲ့လဲ ဆိုတာ သမီးသဘောပေါက်သလောက်ရှိနေပါပြီ။ ချို့ တဲ့သော ဒီပတ်ဝန်းကျင်မျိုးကို အဖေက သားသမီးတွေကို မခံစားစေချင်လို့  မဟုတ်လား အဖေ။ ဘာဖြစ်လဲအဖေရယ်။ ဒီမြေဟာ အဖေ့မြေဆိုရင် သမီးတို့ ရဲ့ မြေပါပဲ။ ဒီရွာဟာ အဖေ့ရွာ ဆိုရင် သမီးတို့ ရွာ ပါပဲ။ ညအိပ်ဖို့ အစီအစဉ်မရှိသော ကျွန်မတို့ မပြန်ခင် အဖေ့ရဲ့ တူတွေ တူမတွေအိမ် ခဏဆီဝင်သည်။ အဖေ နေခဲ့သော ၀ိုင်းကလေးမှ ထွက်လာတော့ အနီးဆုံးအိမ်တစ်အိမ်ကိုအရင်ဝင်သည်။ ထိုအိမ်သည် ထန်းလက်များမိုးထား၍ ထန်းလက်နံ့ လေး များ သင်းနေသည်။ ထိုင်စရာ ကွပ်ပျစ်ကလေးတစ်ခုသာရှိသည်။ ကာထားသော ထရံတစ်ချို့ သည် ပေါက်ပြဲလျက်။ ထိုအပေါက် ကလေးများကို နိုင်ငံကျော် မင်းသားမင်းသမီးပြက္ခဒိန်လေးဖြင့် ဖာထားသော်လည်း မလုံပါ။ ဘီစကစ်မုန့် သည် သူတို့ အတွက် အကောင်းဆုံးဧည့်ဝတ်ပြုသည့် မုန့် ဖြစ်သည်။ ဘီစကစ်မကြိုက်သော်လည်း သူတို့  စိတ်မကောင်းမည်ဆိုး၍ ကောက်စားလိုက်သည်။ ၁၀ မိနစ်လျှင် တစ်အိမ်နှုန်းလောက်ဝင်ပြီး ပြန်ဖို့ ပြင်တော့ ကျွန်မတို့ ၏နောက် တွင် အလှူပွဲလှည့်သလို ခေါင်းပေါ်တွင် လက်ဆောင်ဆီကိုယ်စီနှင့် လိုက်ပို့ သည့် လူတန်းကြီးကိုတွေ့ လိုက်ရသည်။ ကျွန်မရင် ထဲတွင် နင့်သွားသည်။ မရှိပေမဲ့ ရိုးသားဖြူစင်သော သူတို့ ကို သနားမိသည်။ ကျွန်မအဖေ့ရွာကို တိုးတက်အောင် လုပ်ပေးချင်သည်။ အဖေရွာ ရှိရွာသားအားလုံးသည် အဖေ့ သွေးသားများပင်ဖြစ်သည်မဟုတ်လော။ အဖေ့သွေးသားဖြစ်သည်ဆိုလျှင် ကျွန်မ၏ သွေးသားပင် ဖြစ်သည်လေ။ မကြီးကတော့ လူကြီးတစ်ချို့ နှင့် စကားစမပြတ်သေး။ ခုတွေ့ ရပြီး ခုပြန်ဖို့ ပြင်ရသော ကျွန်မတို့ လာသည်ကို အိပ်မက် မက်နေတာလို့ ထင်နေကြောင်း သူတို့ ကဆိုသည်။ ရွာကလေးမှ ကျွန်မ မပြန်ချင်သေး။ သို့ သော် ကျွန်မ ပြန်ရဦးမည်။ ရွာ၏ လိုအပ်ချက်များကို တတ်နိုင်သမျှဖြည့်ဆည်းနိုင်ရန် ကျွန်မကြိုးစားရဦးမည်။ သို့ မှသာ အဖေ့ရဲ့ ရွာကလေးဟာ တိုးတက်နေ သည့် ယခုလူနေမှုကမ္ဘာနှင့်အတူ ရှင်သန်နိုင်မည်မဟုတ်ပါလား။ ရွာကပြန်ထွက်လာချိန်တွင် ရွာဘက် နောက်ပြန်ကြည့်မိသည်။ မြို့ ပြ၏ လူနေမှုပြယုဂ်များနှင့် လုံးဝခြားနားသော ခြုံပုပ် ငယ်များနှင့် ထန်းပင်ကြိုးကျဲလေးများဖြင့် ရွာကလေးဟာ တစ်ချိန်က အဖေ့ရဲ့ ဗိမ္မာန်ဖြစ်ခဲ့ဖူးသည်တဲ့လေ။ မီးခိုးငွေ့ တအူအူဖြင့် ရွာကလေးက လှနေသည်။ ထုံးစေတီဖြူဖြူလေးနဲ့ စိမ်းညှို့ ညှို့ သစ်ရိပ်အုပ်အုပ်ကြားလေးထဲက ရွာကလေးဟာ …………… ………………အဖေ့ရွာ။ ဧပရယ်ဆွေဆွေ

3 comments:

Unknown said...

အရမ်းကောင်းပါတယ်။လေးလည်းလေးစားပါတယ်။သည်လိုဆွဲဆောင်မှုရှိပြီးစေတနာအပြည့်အဝပါတဲ့စာပေအရေးအသားတွေကိုဖတ်ရတဲ့အတွက်ကျေးဇူးအထူးတင်မိပါတယ်။အထူးသဖြင့်ကျွန်တော့်လိုတောသားတစ်ယောက်ကကိုယ့်တောဓလေ့စရိုက်လေးကိုခုလိုမျက်စေ့မှာထင်သာမြင်သာပေါ်လွင်လာအောင်ရေးပေးတဲ့ဆွေ့ကိုပိုပြီးလေးစားမိပါတယ်။ဆက်လက်ရေးသားဖို့လည်းတိုက်တွန်းပါတယ်။အားပေးပါတယ်။ကျွန်တော်သာထုတ်ဝေသူဖြစ်ခဲ့ရင် ဆွေရေးတဲ့စာတွေကိုပုံနှိပ်စက်ပေါ်တင်ပြီးစာဖတ်ပရီတ်သက်အရှေ့အရောက်ပို့ပေးချင်တဲ့စိတ်တွေတဖွားဖွားပေါ်လာမိပါတယ်။ဆွေကိုင်တဲ့ကလောင်တံကထွက်ကျလာတဲ့မင်စက်တိုင်းဟာဆွေ့အသွေးအသားထဲကယိုစိမ့်လာတဲ့အနုပညာပန်းပွင်လေးတွေဖြစ်နိုင်ပါစေလို့ဆုတောင်းပေးလျှက်................

aprilsweswe said...

ကျေးဇူးပါ အစ်ကို။ ထုတ်ဝေသူတော့မလုပ်ပါနဲ့ ။ အရင်းပြုတ်လိမ့်မယ်။

Unknown said...

မဆွေရေ....ပြုတ်စရာအရင်းကတော့မရှိလို့ပြုတ်မှာမဟုတ်ဘူး။မရှိလို့သူများနိုင်ငံမှာလာလုပ်နေရတာလေ..။ကျွန်တော်ကကျောမွဲတစ်ယောက်ပါ။အမ စာရေးတာအရမ်းကောင်းပါတယ်။တကယ်တော်ပါတယ်။ဘလော့templateနဲနဲပြုပြင်စေလိုပါတယ်။widgetလေးတွေထပ်ထည့်ပြီးပြင်လိုက်ရင်အရမ်းလှမှာပဲ။အမ ဘလော့လေးကအရမ်းရိုးလွန်းနေတယ် ထင်ပါတယ်။ဆရာလုပ်တာတော့ဟုတ်ဘူးနော်။အရင်တစ်ခေါက်ဝင်ကြည့်တုန်းက ဘာမှမတွေ့ရဘူး။းခုတစ်ခေါက်တော့ စီဘုံးတွေ နာရီတွေနဲ့ဖြစ်လာပါပြီ။ဒါပေမယ့်...စီဘုံးနဲ့နာရီကထပ်နေပါတယ်။layout ကိုပြန်ကြည့်ပြီးပြုပြင်စေလိုပါတယ်။နာရီကလည်းအရမ်းရိုးလွန်းပါတယ်။ဒီဇိုင်းအလန်းလေးတွေထည့်စေလိုပါတယ်။template နဲ့ပတ်သက်ပြီးအခြားပြုပြင်စရာတွေအများကြီးရှိပါသေးတယ်။ဆွေရဲ့blogspotလေးကိုတိုးတက်စေချင်ပါတယ်။ကျွန်တော်လည်း မတက်ပါဘူး။ရိုးသားပွင်လင်းစွာအကြံပြုခြင်းပါ။ကျွန်တော့်မျက်လုံးထဲမှာအရမ်းလှပြီးမပြင်မဆင်ပဲဖိုသီဖပ်သီနေတဲ့မိန်းကလေးတစ်ယောက်ကိုကြည့်နေရသလိုပါပဲ။ဆွေတင်တဲ့postတွေကအရမ်းလှပါတယ်။မိတ်ကပ်လူးပေးလိုက်ရင်ပိုးပြီးလှလာမယ်ထင်ပါတယ်..။postတွေလည်းထပ်တင်ပါဦး။ကျွန်တော်အမြဲအားပေးနေပါတယ်။နေ့တိုင်းမဟုတ်ရင်တောင်မှ..တစ်ပတ်ကိုသုံးခါလောက်ဝင်ကြည့်ဖြစ်ပါတယ်။အခြားဆိုက်တွေမှာထက်...ကိုယ်ပိုင်ဘလော့လေးကိုဦးစားပေးပြီးpostတင်ပေးပါ။ကျွန်တော်သာဆွေလိုစာရေးတက်ရင်အရမ်းကောင်းမှာပဲလို့တစ်ခါတစ်လေတွေးမိပါတယ်။ဒါပေမယ်...ကျွန်တော်ကစာသိပ်မတက်ပါဘူး။ဆွေလည်းဆက်လက်ကြိုးစားပါဦးလို့တိုက်တွန်းချင်ပါတယ်။ရိုးသားစွာဖြင့်..ထာဝရအားပေးလျှက်.......