Images

လူလုပ်ရဲတဲ့သတ္တိ

စာမေးပွဲဖြေဖို့ ရက်အနည်းငယ်ပဲ လိုတော့သည့်အချိန်မှ ကျောင်းသားတစ်ဦးက ထိုဘာသာကိုလုံးဝစိတ်မပါကြောင်း စိတ်ပျက်ပုံနှင့် ကျွန်မကိုရင်ဖွင့်ပါသည်။ အဲဒါဆို ဒီဘာသာတွဲကို ဘာလို့ ယူတာလဲမေးတော့။ မေမေဆန္ဒကြောင့်တဲ့။ ကျွန်မသည်လည်း ကလေးဘ၀ လူငယ်ဘ၀ကို ဖြတ်သန်းလာခဲ့ဖူးသည်မို့ သူတို့ ရဲ့ ခံစားချက်တော်တော်များများကို နားလည်ပေးနိုင်ခဲ့ပါသည်။ အတန်းတင်စာမေးပွဲကြီးဖြေခါနီးမှ ဒီဘာသာကို သားကမကြိုက်ပါဖူး မေမေက ဒါယူရမယ်ဆိုလို့ သာ ဆိုပြီး အမေကိုအပြစ်တင်သော သားတစ်ယောက်ကိုတွေ့ ဖူးခြင်းဖြစ်သည်။ ဤအဖြစ်တွင် အမေနည်းတူ သူ့ ကိုလည်း ကျွန်မ အပြစ်တင်ချင်ပါသည်။ တကယ်ဆို သားကလည်း အစကတည်းက သားဒီဘာသာကို စိတ်မ၀င်စားဖူးလို့ မေမေ့ကို ငြင်းခဲ့ရမှာ ပေါ့။ စာမေးပွဲဖြေတော့ မှ ဒီဘာသာကိုမကြိုက်လည်း ဖြေဆိုရမှာပဲလေ။ ကိုယ်ယူထားတဲ့ဘာသာဟာ ကိုယ်လုပ်ရမဲ့အလုပ်ပဲ။ နောက်ထပ် ဆင်ခြေမလိုချင်ဖူးလို့  ကျွန်မ ပြောခဲ့ရပါသည်။ တကယ်တော့လည်း မတွေးတောဘဲရလာတဲ့စာတွေကို နှုတ်တိုက် ကျက်နေရတာကလည်း ကျောင်းသားတွေအတွက် မောစရာပါဘဲ။ ထို့ အတူပဲ နေရာတကာ ကိုယ့်ဆုံးဖြတ်ချက်ကိုသာ အလေးပေးသည့် အချစ်လွန်သည့်မိဘများကိုလည်း သားသမီးကို တဆိတ်တော့ နားလည်အောင်ကြည့်စေချင်မိသည်။ ကျွန်မကိုယ်တိုင်လည်း မိသားစုသိပ်ဆန်သော မိသားစုဝင်ဖြစ်ခဲ့တာကြောင့် ဘာလုပ်လုပ် သူတို့ အဆုံးအဖြတ်သာယူခဲ့ရသည်။ အကျိုးအမြတ်ကတော့ အမှားနည်းပြီး လမ်းမှန်သော်လည်း လူရာမ၀င်ချင်ဘဲ ကိုယ့်ကိုကိုယ် ယုံကြည်မှုနည်းခဲ့ရသည်။ ထို့ အတူ လူလုပ်ရဲသောသတ္တိလည်း နည်းခဲ့သည်။ အရာရာမိသားစုကိုသာ အားကိုး သည်။ အမှားတစ်ခုခုဖြစ်လျှင် မိသားစု၏နောက်တွင်သာ နေခဲ့သည်။ ကျွန်မ ပြဿနာကိုရှောင်ကာ မိသားစုကသာ ကျွန်မအ တွက် အားကိုးရာဖြစ်ခဲ့သည်။ self-confidence ဟာ လူတစ်ယောက်အတွက် အရမ်းအရေးကြီးပါတယ်လို့  ကျွန်မသိချိန်က သက်လတ်ပိုင်းတောင်ရောက်နေခဲ့ပြီ။ ဒါကြောင့် ကျွန်မယနေ့ ခေတ်ကလေးလေးများ လူငယ်လေးများကို ကျွန်မလိုမဖြစ်စေချင် ပါ။ စာသင်သည်ဆိုသော်လည်း တခါတရံ ထို သို့ မိဘနှင့် သားသမီးကြားတွင် ပါခဲ့ရသည်လည်းရှိခဲ့သည်။ အတန်းထဲဝင်လိုက်သည်နှင့် တိုင်တန်းမှုများက အသီးသီးနားထဲဝင်လာသည်။ ထိုသို့ တိုင်ရာတွင် ကိုယ့်ကြောင့်ဖြစ် တာဆိုပြီး လာတိုင်သူ တစ်ယောက်မှ မပါ။ ဆရာမ သူ့ ကြောင့်… သူက………. သူလေ …...စသည်ဖြင့် သူတစ်ပါးကိုသာ အပြစ်ဖို့  တိုင်တန်းသည်ချည်းပင်ဖြစ်သည်။ တခါတခါ စာသင်ရသည်ကို စိတ်ပျက်မိသည်။ သည်ကလေး သည်လိုလူငယ်တွေကို ဘယ်လို လမ်းမှန် ပြပေးရမလဲမသိ။ ထိုကလေးများကိုကြည့်ရင်း ကျွန်မ လူငယ်လေးများအတွက် စာရေးချင်စိတ်ပေါ်လာမိသည်။ သူတို့ လေးတွေကို ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် လူလုပ်ရဲသောသတ္တိရှိစေချင်သည်။ လူသားပီသစေချင်သည်။ တာဝန်ယူတတ်စေချင်သည်။ ရှင်သန်နေရသော လူ့ ဘ၀သည် တိုတောင်းလှသည်ဆိုသော်လည်း ထိုခဏလေးအတွင်းမှာ လူသားများသည် မိမိ အတွက်၊ မိသားစုအတွက် သင်ယူရသည်။ ရှာဖွေလုပ်ကိုင်ကြရသေးသည်။ ထိုသို့ လူ့ လောကကို ကျင်လည်ရာ၌လည်း ဆုပ်ကိုင် နိုင်သောအရာများရှိသလို လက်လွှတ်ရသော အခြေအနေများကိုလည်း ကြုံတွေ့ ဖူးမှာပါ။ အမှန်တော့ လူဖြစ်ရသည်မှာ မလွယ် ကူလှပါ။ လူသားတစ်ယောက်ဖြစ်ဖို့ မလွယ်ကူသလို လူဖြစ်လာပြန်လျှင်လည်း လူလုပ်ရဲဖို့ သတ္တိလိုပါသေးသည်။ လူလုပ်ရာတွင်လည်း မှန်ကန်သောအသက်ရှင်ခြင်းဖြင့်သာ ရှင်သန်ရမည်။ ရှုံးနိမ့်မှုဆိုတာ လူတိုင်းမလိုချင် မကြုံချင်တဲ့အရာပါ။ ဒါကြောင့်တခါတရံ ထိုအရှုံးကိုရှောင်ကွင်းဖို့ အတ္တဆန်စွာ ပြုလုပ်မိ တတ်ကြသည်။ မိမိဘာသာမိမိ မမြင်၍ ခလုတ်တိုက်မိတာတောင် " အဲဒါသူ့ ကြောင့် " လို့ ဆိုင်ဆိုင်မဆိုင်ဆိုင် တရားခံအမြန်ဆုံး ရှာတတ်သည်မှာ လူသားအများစု၏ အကျင့်လိုပင်ဖြစ်နေသည်။ စင်စစ် ထိုအမှားသည် မိမိကြောင့်ဆိုလျှင် မိမိဘာသာသာ တာဝန်ယူသင့်ပါသည်။ ဤုအဖြစ်အပျက်များသည် လုပ်ငန်း ခွင်များတွင်ရှိတတ်သည်။ မိမိအမှားကို ၀န်မခံရဲတာကြောင့် သူ့ ကြောင့် သူ့ ကြောင့်ဆိုကာ ဦးတည်ရာပြောင်းလဲပြစ်တတ်ကြ သည်။ ထိုအခြေအနေမျိုးတွင် လက်အောက်ငယ်သားသည် သူတို့ အတွက် အကောင်းဆုံးသော ဓားစာခံများဖြစ်သည်။ တကယ် တော့ နိုင်တယ် ရှုံးတယ်ဆိုတာသည် ရေတိုကြည့်ပြီး ဆုံးဖြတ်နိုင်သော ကိစ္စမဟုတ်ပါ။ ကမ္ဘာကြီးဟာ လည်နေသလို တစ်ချိန် တွင် ကံကြမ္မာသည်လည်း တစ်ပတ်ပြန်လည်လာနိုင်ပါသည်။ ကိုယ့်လုပ်ဆောင်ချက်တွေကို အစကတည်းက ဆင်ခြင်တုံတရား နှင့်ပြုမှုကာ အရှုံးအတွက်လည်း ကြိုတင်ပြင်ဆင်ထားသင့်တာပါ။ ပြဿနာဖြစ်ရင် ငါဘာမှားနေလဲ အရင်မသုံးသပ်ဘဲ အရှုံးမှ ထွက်ပေါက်ရှာကာ သူ့ ကြောင့်လို့ လွဲချခြင်းမျိုးကတော့ လူသားမပီသပါ။ သူ့ ကြောင့်လို့ လွဲချတတ်သူအများစုကိုကြည့်လျှင် ရာထူးမြင့်ပြီး ဂုဏ်တင့်တယ်ဆိုသူများက အများစုဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် သူတို့ သည် လက်ရှိအခြေအနေကို အထိခိုက်မခံနိုင်။ လက်ရှိနေရာမှ မထနိုင်။ ထိုအခြေအနေတွင် လက်ညှိုး တစ်ချောင်းဖြင့် အပြစ်လွဲလိုက်ခြင်းသည်သာ သူတို့ လုပ်တတ်သောအရာဖြစ်သည်။ ဒီအပြုအမူဟာ လူအဖြစ်ထက် နိမ့်ကျသွား တယ်ဆိုတာ သူတို့ သတိမမူမိကြပါ။ အရှုံးနဲ့ ဝေးရာကိုပြေးပြီး စည်းအပြင်ရောက်အောင်ထွက်နိုင်ခဲ့နိုင်ပေမဲ့ လူသားအဖြစ်က တော့ လွန်မြောက်သွားကာ လူမစစ်တော့ပါ။ ဓားစာခံလေးများသည်လည်း မိမိအမှားမဟုတ်ဘဲ တာဝန်မယူသင့်ပါ။ မဟုတ်လျှင် မဟုတ်ကြောင်း တော်လှန်ရဲရမည်။ မိမိအမှားမဟုတ်ဘဲ ၀န်ခံခြင်းသည် သတ္တိမမည်ပါ။ လူညံ့သာဖြစ်သည်။ မည်သူ့ ကိုမှ မရည်ရွယ်ပါ။ နောက်တက်လူငယ်များ ကိုယ့်တာဝန်ကိုယ် ယူတတ်ပြီး ခေါင်းဆောင်ကောင်းပီသစေချင်တာပါ။ လူမှန်ရင် မှားတတ်သည်တဲ့။ မှားပါစေ၊ အမှားဟာ ခံယူတတ်ရင် ကိုယ့်အတွက် အမြတ်အစွန်းများများ ရနိုင်ပါသေး သည်။ ဘ၀ခရီးဟာ ရိုးရိုးတက်မရရင် ဖောက်ထွက်သင့်က ဖောက်ထွက်တက်ပါ။ တကယ်တော့ အရှုံးဆိုတာကို ကိုယ်ကိုယ်တိုင် က လက်မခံမချင်း အရှုံးဆိုတာ သင်မရပါဘူး။လောကဓံဟာ အတက်အကျ အနိမ့်အမြင့်ရှိတာမို့ ဘယ်သူမှ အမြင့်မှာအကြာကြီး မရပ်တည်နိုင်သလို အနိမ့်တွင်လည်း အမြဲမရှိနေတတ်ပါ။ ကိုယ့်ဘ၀ရဲ့ အခန်းလေးမှာ ထည့်စရာတွေက သူ့ နေရာနဲ့ သူရှိနေတတ်သည်။ ထိုအခန်းလေးထဲကို ဘ၀ရဲ့ လုပ် ဆောင်စရာများ အဆက်မပြတ်ထည့်ယူကြရသည်။ ထိုသို့ ထည့်ရာတွင် စားပွဲနေရာစားပွဲ၊ ဘီရိုနေရာ ဘီရို၊ အိပ်ရာနေရာ အိပ်ရာ အထားအသိုတတ်ဖို့ ဆိုသည်မှာမှု သင့်လုပ်ဆောင်ချက်ပေါ်သာ တည်မှီသည်။ ကြုံသလိုလုပ် ကြုံသလိုထည့်လျှင်သော သင့် အိပ်ခန်းသည် ကြွက်သိုက်ပမာသာဖြစ်လိမ့်မည်။ ထို့ ကြောင့် ကျောင်းသားတစ်ယောက်အနေနှင့် မိမိဘ၀ကိုပုံဖော်ရာတွင် ကြုံသလိုလုပ်မပြစ်ဖို့  အရေးကြီးပါသည်။ စာကျက်မည်ဆိုလျှင် ထိုစာတစ်ပုဒ်အတွက် ၁၀ မိနစ် ၁၅ မိနစ် သီးသန့် သတ်မှတ်ပါ။ ထိုအချိန်အတွင်း ထိုစာ၏ မူရင်းအနှစ် သာရကို သဘောပေါက်ဖို့ လိုသည်။ ၏ သည်မရွေးရ ရမည်ဟုမဆို။ ထိုသို့ မဟုတ်ဘဲ စာကျက်မလို့ လုပ်တုန်း တီဗီက ကိုးရီး ယားကားနောက် မျက်စိရောက်သွားလျှင် သို့ တည်းမဟုတ် သူငယ်ချင်းလာခေါ်၍ လက်ဖက်ရည်ဆိုင်ရောက်သွားလျှင် သူရှုံး တော့မည် ဆိုတာ သဘောပေါက်ပါတော့။လူတော်တစ်ယောက်သည် ဘယ်တော့မှ သူ့ ရည်မှန်းချက်ကို အပျောက်မခံသင့်ပါ။ ရည်မှန်းချက်ပျောက်ပြီဆိုသည်နှင့် သင့်အတွက် အရှုံးဟာ သင့်ဆီလှမ်းလာနေပြီဖြစ်သည်။ ဆိုလိုချင်သည်က မိမိရည်မှန်းချက်အတွက် ကြိုးစားရာမှာ အကြောင်းပြချက်များစွာမလိုပါ။ ကိုယ်တိုင်သာသင်ယူရမည်။ မှားလျှင် မှားသည်ဟု ၀န်ခံရဲသောသတ္တိ ၊ မှန်လျှင် ဆက်လုပ်ရဲသောသတ္တိမျိုးလူငယ်များတွင် မွေးမြူထားသင့်သည်။ လူတိုင်း သည် ခြေနှစ်ချောင်းနှင့် လမ်းမလျှောက်တတ်ခင်က လေးဘက်သွားခဲ့ရသည်ချည်းပင်။ ဘ၀ပြေးလမ်းဆိုသည်မှာ တာဝေးအပြေးပြိုင်ပွဲကြီးလိုပင်ဖြစ်သည်။ အစကတည်းက အားသွန်ခွန်စိုက် နည်းမှန်မှန်နှင့် သာ ပြေးနေဖို့ လိုသည်။ ထိုသို့ ပြေးနေရင်း ခလုတ်ကန်သင်းနဲ့ တူသော အမှားများနှင့် ကြုံတွေ့ နိုင်သည်။ မိမိ ဘာသာကြည့်ပြီး ရှောင်ကွင်းနိုင်ရမည်။ ပန်းတိုင်ဆိုသည်မှာ အလွယ်တကူရနိုင်သည်ချည်းမဟုတ်ပါ။ ပန်းတိုင်အသွားမှာ လဲကျတာမျိုးတွေ အများ ကြီးကြုံလာနိုင်ပါသည်။ လဲကျခြင်းဟာ သူ့ ကြောင့်မဟုတ်ဘဲ အခြေခိုင်ဖို့ လိုနေသော ကိုယ့်ခြေထောက်ကြောင့်သာဖြစ်သည်။ အရေးကြီးသည်က ကိုယ်သတ်မှတ်ထားသော ကာလအတွင်း ပန်းတိုင်ကိုရောက်ဖို့ သာဖြစ်သည်။ ဘာမှမလုပ်ဘဲ ရှုံးနေသူ ထက် စာရင် ပြိုင်ပွဲဝင်ရင်း ရှုံးနိမ့်သူက ပိုမြင့်မြတ်ပါသည်။ ကိုယ်လုပ်သလောက် ကိုယ်မရသေးဖူးဆိုတာ ကိုယ့်မှားအားနည်းချက် တွေရှိ နေသေးလို့ ပင်။ တိုက်တယ် ရှုံးတယ် ။ ရှုံးတယ် ထပ်တိုက်တယ်။ ထပ်တိုက်တယ် ထပ်ရှုံးတယ်။ နောက်ထပ် ထပ်တိုက်မယ် မော်စီတုန်းပြောဖူးတဲ့စကားလေးပါ။ လဲမှာကြောက်နေရင် လမ်းတောင်လျှောက်နိုင်မည်မထင်ပါ။ တိုက်ရင်းပဲရှုံးပါစေ။ ထိုအရှုံးကို မိမိကြောင့်လို့ တာဝန်ယူတတ်ပါစေ။ တကယ်တော့ လူလုပ်ရဲသောသတ္တိသည် လူတိုင်းတွင်မရှိပါ။ မြန်မာလူငယ်ကလေးများ အနေဖြင့် နောင်လာမည့်အနာဂတ်တိုင်းတွင် လူလုပ်ရဲသော သတ္တိရှိပြီး မှားခဲ့လျှင်လည်း ထိုအမှားကို ရင်ဆိုင်ရဲသော ၀န်ခံရဲ သော သတ္တိပိုင်ရှင်လေးများဖြစ်စေချင်မိသည်။ ဧပရယ်ဆွေဆွေ

0 comments: