Images

ကလောဘူတာ

ရထားသံက အိပ်ရာမှမထသေး။ တဒင်္ဂအတွင်း ဆူညံအသက်သွင်းနိုင်တဲ့ ဘူတာလေးကလည်း ခုချိန်ထိ အိပ်မောကျလို့  ကောင်းနေတုံး။ ထိုင်စောင့်နေရတာကြာလာ၍ တောင့်တင်းလာသော ခါးကြောများ လျော့ ရန်အလို့ ငှာ လမ်းထလျှောက်မိပြီး အပြင်ကိုကြည့်မိပြန်တော့ ထင်းရှုးပင်ရှည်ရှည်သွယ်သွယ်ကြီးများနှင့် သူ့ နောက်ကြောမှာ သိပ်မဝေးရဖူးလို့ ထင်တဲ့ တောင်တန်း ကြီးများက အရိပ်မည်းကြီးတွေလို ငြိမ်သက်စွာ။ ရထားလမ်းရဲ့ တစ်ဖက်မှာတော့ ၀န်ထမ်းအိမ်ယာဖြစ်ဟန်တူသော လိုင်းတန်း ကလေးတွေမှာ လှမ်းထားတဲ့အ၀တ်တွေက လေတလွင့်လွင့်။ ဤမျှငြိမ်သက်လှသော ကမ္ဘာမြေပြင်ရဲ့ အလှကို ကျွန်မ အားရပါးရ ငေးမိသည်။ အပြစ်ကင်းသော မြူနှင်းများက ဝေ့၀ဲလျက် ပတ်ဝန်းကျင်ကို အေးမြမှုပေးသည်။ မရည်ရွယ်ပေမဲ့ လှုပ်ရှားနေမိသော ကျွန်မရှုးဖိနပ်များကတော့ ရထားသံလမ်းကို မထိတထိနဲ့ ကန် ကန်နေမိသည်။ ဘူတာလေးကတော့ နောက်ရထားတစ်စင်း မလာမီချိန်ထိ သည်လိုပဲ နားနေတော့မည်ထင့်။ နောက်ပြန်လှည့်ကြည့်မိတော့ ကလောဘူတာဆိုသော စာလုံးကြီးက ကျွန်မ မျက်လုံးထဲမှာတော့ ဒဏ္ဍာရီဆန်သော စာလုံးများနှင့်တူနေသည်။ အသက်ကြီးလှပြီဖြစ်သော နားနေဆောင်နှင့် စင်္ကြလမ်းလေး သည် လူပေါင်းများစွာ၏ ခြေနင်းခြင်းကို ခံခဲ့ရပြီးပြီ။ သို့ သော်သူကတော့ လူသားအားလုံးကို ညီတူညီမျှ ကရုဏာအထားမပျက်။ ရထားသံလမ်းဘေးတစ်လျှောက်တွင်လည်း လူတွေနားနေထိုင်နိုင်သော အမိုးလေးနှင့် ခုံလေးတွေလုပ်ထားသည်။ ခုံလေးတွေရဲ့ နောက်မှာတော့ စုံလင်လှသော ကျော်အောင်ညာထားသောကြော်ငြာဘုတ်ကြီးများမှာ ထုတ်ကုန်ထက် လူပုံက သာပိုကြီးနေလေသည်။ တခါတလေ ဘာကြော်ငြာထားမှန်းမသိအောင်ပင် မင်းသမီးလေးများကလည်း အလှပြတတ်ကြပါ ပေသည်။ သူတို့ ရှေ့ ကခုံတန်းလေးများတွင် တော့ collection pen ဖြင့်ရေးထားသော စာလုံးများက နေရာယူနေကြသည်။ ထိုခုံများပေါ်တွင် ထိုင်နေသူတစ်ချို့ ကမူ ကိုယ်ပိုင်ထိုင်ခုံတွင် ထိုင်နေသလိုလို ခြေဆင်းအိပ်သူအိပ်ဖြင့် ဘူတာအလှကို ဖျက် နေသည်။ သမံသလင်းပေါ်ထိုင်ချကာ ထိုင်ခုံကို ခေါင်းမှီပြီး ဗန်ကလေးနှင့်ဈေးသည်ကလေးလေး ငိုက်နေသည်ကလည်း ရှေ့ ကို ပင်ထိုးကြတော့မည့်ဟန်။ သူ့ ကိုကြည့်ကာ ကျွန်မပြုံးမိသည်။ သူလည်း ဘ၀တိုက်ပွဲမစခင် အားယူနေသည်ပဲလေ။ အိမ်မက် လှလှမက်ပါစေ ကလေးလေးရေ…..။ ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ထားတဲ့အထိတောင် အအေးဓာတ်သယ်လာတဲ့ လေကလေးကို ကျွန်မအားရပါးရ ရှုရှိုက်လိုက်သည်။ မနက်စောစောပိုင်း လေ ဖြစ်သဖြင့် လူနံ့ ၊ ဖုန်နံ့ ၊ ဆီနံ့  ဘာဆိုဘာမှမပါ။ ဘူတာလေးကို ကျွန်မ ဘေးဘက်မှ ပတ်ကြည့်မိသည်။ ဟောင်းနွမ်းသည်လည်းမဆိုသာ။ လူတွေရဲ့ လိုရာခရီးကို တတ်နိုင်သမျှ ဖြည့်ပေးနေသည့် သူ့ နေရာကလည်း အံ့စရာ။ ဘူတာလေးနဲ့ သိပ်မဝေးတဲ့နောက်မှာတော့ ကလောမြို့ ကလေးကိုဝင်တဲ့ တံခါးလေး။ ပြီးတော့ ကလောမြို့ သို့ ဝင်ရာ လမ်းရှင်းရှင်းကလေး။ အရာရာကို နှစ်သက်စွာ ငေးမောမိသည်။ သူ့ ရဲ့ အရှေ့  ဘက်တောင်မို့ မို့ လေးဆီကိုလှမ်းကြည့် လိုက်သောအခါ ကလောဟိုတယ်လေးကလည်း အိပ်လို့ ကောင်းတုန်းပေါ့။ အုတ်ကျွတ်နီနီကလေးများမိုးထားသော ကလောကအိမ်လေးများသည် ကျွန်မတို့ အညာက အိမ်တွေနှင့် ကွာခြားလှ သည်။ အိမ်တိုင်းတွင် စိမ်းစိုလှသော အပင်ကြီးများက အရိပ်ကောင်းလှသည်။ ၀န်းခြံအစား ပုဏ္ဍားရိပ်ပင်ကလေးများဖြင့်သာ အဆီးတားလုပ်ထားသော သူတို့ အိမ်ကလေးများက သာ၍ နှစ်သက်စရာကောင်းသည်ဟု ကျွန်မထင်သည်။ လုံခြုံမှု မရှိသော် လည်း ရိုးသားမှုကိုလှစ်ဟပြနေသည့် အကာအရံလေးများဟု တွေးမိသည်။ ထို့ နောက် ခြေလှမ်းများကိုသံလမ်းများဘက်ပြန်လှည့်ရင်း သံလမ်းပေါ် လမ်းလျှောက်ကြည့်ဖို့ စိတ်ကူးရသည်။ ခန္ဓာ ကိုယ်စည်းချက်ကို နိုင်အောင်ထိန်း၍ လျှောက်နိုင်လျှင် စိတ်ဝင်စားစရာကောင်းသော လမ်းလျှောက်မှုကို သင်ခံစားနိုင်မည် ဖြစ်သည်။ စိုးရိမ်စိတ်များလှသော ကျွန်မကတော့ ကောင်းစွာမကျွမ်းကျင်ပါ။ ဒါကြောင့် ကြာကြာမလျှောက်နိုင်ဘဲ သံလမ်းပေါ် ထိုင်ချလိုက်သည်။ ပြီးတော့ သံလမ်းပေါ်နားကပ်ကြည့်ရင်း ရထားခြေသံကြားမကြား နားထောင်ကြည့်သည်။ ရထားလာလျှင် သံလမ်းတုန်ခါသံ သဲ့သဲ့ကြားရတတ်သည်ဟု သူငယ်ချင်းက ပြောဖူးသည်။ ခုတော့ ဘာသံမှ မကြားရ။ ပြန်ထရင်း လက် နှစ်ဘက်မှ ဖုန်မှုန့် များကို ခါလိုက်သည်။ ရထားလမ်းတွေကြည့်လိုက်တော့ စိတ်ရှုပ်စရာကောင်းလောက်အောင်ကို ထပ်နေ သည်။ သည်လမ်းက ဘယ်ကိုသွားတဲ့လမ်းလဲ။ သည်လမ်းကကော ကျွန်မအိမ်ကိုသွားတဲ့လမ်းလား။ တစ်ခုနှင့်တစ်ခု ကြက်ခြေခတ်သွားလိုက်၊ ကွေးဆင်းသွားလိုက်နဲ့  ရှုပ်ထွေးလှသော ရထားလမ်းတိုင်းသည် လူသားတို့ ၏ ခရီးလမ်းများပင်။ ကျွန်မ ကျောပိုးအိတ်ထဲမှ ကင်မရာကို ထုတ်ကာ ရထားသံလမ်းများကို ရိုက်ယူလိုက်သည်။ ရထားလမ်းများကိုလိုက်ကြည့်ရင်း မျက်ဝန်းတဆုံးအရောက်တွင်တော့ အထမ်းသမားနှစ်ဦးကို မြူတွေကြားမှလှမ်းမြင် လိုက်ရသည်။ တစ်ဖက်လမ်းတွင်လည်း အကြော်ဆိုင် ကလေးဖွင့်ရန် ပြင်နေသည့် ဈေးသည်လေးကိုတွေ့ ရသည်။ သူတို့  ဘ၀ခရီးက ဤဘူတာလေးမှာ ရှင်သန်နေကြသည်လား။ မြို့ ပြလူမှုတွေကြားရှင်သန်ရခြင်းနှင့် သူတို့  ရှင်သန်ခြင်း ဘယ်ဟာက ပိုအေးချမ်းသလဲ။ ကျွန်မ မသိ။ ကျွန်မ မြင်ရသည်ကတော့ သူတို့ သည် ဘ၀ကို ပြုံးရွှင်စွာ အေးချမ်းစွာ ဖြတ်သန်းဖို့ ပြင် နေသည်ကိုပင်။ အမြန်ရထားကြီးတွေ ခဏရပ်ဆိုင်းပြီး တဝေါဝေါနဲ့ ဖြတ်သန်းသွားချိန်တိုင်း၊ ဥသြသံတွေ ဆူဆူညံညံနဲ့  အသက်ဝင်ပြီးတဲ့အခါတိုင်း သည်ဘူတာနဲ့  သည်ဈေးသည်လေးတွေအတွက် အစည်ကားဆုံး အသက်ဝင်ဆုံး အပျော်ရွှင်ဆုံးချိန် ပင်ဖြစ်လိမ့်မည်။ တဖြည်းဖြည်းကျွန်မနှင့်နီးလာသော အထမ်းသမားနှစ်ဦးကို ကြည့်မိသော ထောပတ်သီးများသယ်လာသည်ကို တွေ့ ရ သည်။ လတ်ဆတ်သော စားချင်စဖွယ် ထောပတ်သီးများကို အားရပါးရ ၀ယ်မိသည်။ သူတို့ မျက်နှာပြင်အရေးပြားများတွင် ဇရာ၏အရေးအကြောင်းများက ထင်ဟပ်နေသည်။ သို့ သော်ကား သူတို့ ၏မျက်ဝန်းများကမူ ပကတိဖြူစင်လွန်းလှသည်။ သူတို့ သည် သည်ဘ၀ပုံစံခွက်ကလေးထဲတွင် အမြဲ ပျော်ရွင်တတ်ကြသည်လား။ မီးငယ်…မီးငယ်ချင်းထပ်နေသည့် သူတို့  အခေါ်အဝေါ်နှင့် စကားသံဝဲ၀ဲကလေးများသည် ဖော်ရွေမှု ကိုလှစ်ဟနေသည်။ ပြုံးလိုက်တိုင်း သွားမပါသော သူတို့ မျက်နှာက လိုအပ်မှုများရှိနေသော်လည်း ပြီးပြည့်စုံနေသည်ဟု ကျွန်မထင်နေမိသည်။ ကျွန်မငေးမောခဲ့သော ဤဘူတာ ဤရှုခင်း ဤမြင်ကွင်းများက သူတို့ အတွက်တော့ မထူးဆန်းတော့။ ကျက်သရေရှိလှ သော မြို့ ကလေး၊ ချစ်စရာကောင်းလှသော ဘူတာလေးနှင့် ရိုးသားလှသော ဈေးသည်လေးများကတော့ သူတို့ သမိုင်းကို သူတို့  ရေးဖို့ အတွက် ဆက်လက်ရှင်သန်ကြဦးမည်သာ။ ဘ၀သံသရာများသည်လည်း ဤဘူတာလေးတွင် လည်နေကြမည် သာ။ နေမင်းရဲ့ အလင်းက ထွက်စပြုလာသည်။ တောင်တန်းကြီး၏ထိပ်ဆီမှ ထွက်လာသယောင်ထင်ရသော ထိုနေမင်း ကြီးသည် စောစောက ဘယ်မှာပုန်းခိုနေသည်မသိ။ ခုမှ ပုစွန်ဆီရောင်သမ်းသော ရောင်ခြည်တန်းများဖြင့် ထင်းရှုးပင်များထဲ အတင်း တိုးဝင်နေ၏။ ထိုအခိုက် ဆူဆူညံညံအသံပေး၍ ၀င်လာသောရထားကြီးက ကျွန်မအပြန်ခရီးကို ဆောင်ကြဉ်းပေးဖို့  ရောက်လာလေသည်။ ဘူတာလေးလည်း အိပ်ရာမှနိုးလေပြီ။ ခရီးဆုံးကို ရောက်သူများက ဆင်းကြသည်။ ခရီးသစ်ကို နှင်မည့် သူများက တက်ကြသည်။ အဆင်းနှင့် အတက် အလုအယက်နှင့် ဘူတာလေးသည် တဒင်္ဂမျှ ဆူညံသွားသည်။ ခဏလေးသာ ဆင်းပြီး ခဏလေးသာ တက်ရမည့် ဤခြေလှမ်းများအတွက် တစ်ချို့ က အလုအယက်နှင့်။ အိတ်တစ်လုံးသာပါသော ကျွန်မ အတွက်ကတော့ မကြာခင်အတွင်းမှာပဲ နေရာယူနိုင်ခဲ့ပါပြီ။ အ၀င်အထွက် ဥသြသံနှစ်ခုကလည်း ကျွန်မနားထဲတွင်တော့ တဆက်တည်းလိုလို။ ရထားကြီးက ကလောဘူတာလေးမှ ထွက်ဖို့ ပြင်နေပြီ။ ကျွန်မ ကမှန်းကတမ်း ရထားပြတင်းပေါက်မှ တဖန်ဘူတာလေးကို တ၀ကြည့်မိပြန်သည်။ ဒဏ္ဍာရီဆန်သည့် ကလောဘူတာဆိုသည့် စာသားကို နောက်တစ်ခေါက် ပြန် ဖတ်ရင်း ကလောမြို့ ရဲ့ မနက်စောစော ကောင်းကင်ကို ပြန်မော့ကြည့်လိုက်သည်။ အနာဂတ်တစ်ချို့ ကို ဖန်ဆင်းပေးလေသော၊ ဘ၀တစ်ချို့ ကို ပုံဖော်ပေးနေသော သည်ဘူတာလေးရဲ့ မနက် စောစော မြင်ကွင်းလေးကိုတော့ ကျွန်မ တသက်မေ့တော့မည်မထင်ပါ။ ရှုပ်ထွေးလှသော သံလမ်းများပေါ်တွင် ရထားကြီးက တဖြည်းဖြည်း ထွက်ခွာလေပြီ။ ဘူတာလေးကတော့ ဝေး၍… …ဝေး၍သာ………. ဧပရယ်ဆွေဆွေ ( ပထမဆုံးခရီးစဉ်အမှတ်တရ )

0 comments: