Images

ဖန်တီးမှုအနုပညာနှင့် အကျိုးဆက်များ

ဇူလှိုင် ၂၀ ရက်နေ့ က အမေရိကန်နိုင်ငံ ကောလိုရာဒိုပြည်နယ်၊ အော်ရိုရာမြို့ ရှိ Century 16 ရုပ်ရှင်ရုံတွင် ပစ်ခတ်မှုဖြစ် ပွားခဲ့သည်။ ဖြစ်ရပ်ကြောင့် သေဆုံးသူ ၁၂ ဦးနှင့် ဒဏ်ရာရရှိသူ ၅၈ ဦးရှိခဲ့သည်။ ကျူးလွန်သောသူမှာ အသက် ၂၄ နှစ် အရွယ် ပါရဂူတန်းတက်နေသော ကျောင်းသားလေးပါ။ သူက သူ့ ကိုယ်သူ The Joker ဖြစ်တယ်လို့ ဆိုပါသည်။ ( The Joker ဆိုသည်မှာ Batman; ရုပ်ရှင်ကား The Dark Knight Rises ) မှ ဗီလိန်ဇာတ်ကောင်ရဲ့ နာမည်ပါ။ ရုပ်ရှင်ထဲက ဗီလိန်ဇာတ်ကောင်ကို စွဲလမ်းကာပြင်ပလောကကို လက်တွေ့ ဖျက်ဆီးကြည့်ခဲ့ခြင်းပါ။ ပါရဂူတန်းတက်နေတယ်လို့ ဆို သော ထိုကျောင်းသား၏ အသိဥာဏ်ကို ကျွန်မတော်တော်လေး အံ့သြခဲ့မိပါသည်။ အခင်းဖြစ်ပွားချိန်က ထိုရုပ်ရှင်ရုံမှာ ဤ The Dark Knight Rises ဇာတ်ကားကို ကိုပြသနေချိန်ဖြစ်သည်။ အနုပညာ၏ သက်ရောက်မှုက အင်မတန်မှ ကိုကြောက်စရာကောင်းနေခဲ့ပါသည်။ ထိုကားဟာ သီတင်းတစ်ပတ်အတွင်းမှာ ၀င်ငွေ အမေရိကန်ဒေါ်လာ ၁၅၈.၄ သန်း ရရှိခဲ့သည်။ ၀င်ငွေနှင့် အကျိုးသက်ရောက်မှုကလည်း လူငယ်များကြားတွင်ပျံ့ နှံ့ ခဲ့ပါသည်။ ထိုကားနှင့်အပြိုင် ၀င်ငွေ ၁၅၅ သန်း ရသော မြောက်အမေရိကနှင့် ဥရောပနိုင်ငံများ၏ ဟောလိဝုဒ်သမိုင်းတွင် သီတင်းတစ်ပတ်အတွင်း တတိယမြောက် ၀င်ငွေစံချိန်တင်ခဲ့သော ဇာတ်ကားသည်လည်း The Hunger Games ဟူသောဇာတ်ကားဖြစ်သည်။ ရန်ငြိုးမရှိသော လူအချင်းချင်း၊ သတ်ဖြတ်မှုကို ဂိမ်းအဖြစ် လူသားတို့ ကိုစေခိုင်းသည့် ဇာတ်လမ်းဖြစ်သည်။ ထိုကားများသည် ကမ္ဘာတွင် ၀င်ငွေအကောင်းဆုံးဖြစ်နေကြသည်။ လူကြိုက်အများဆုံးဖြစ်နေကြ သည်။ ဘာကြောင့်လဲ….။ ဂိမ်းကစားရင်း ဂိမ်းတွင်းကဇာတ်ကွက်အတိုင်း ပြစ်မှုကျူးလွန်နေမူများ ကမ္ဘာတလွှားတွင် မကြာခဏ ဆိုသလို ဖြစ်ပေါ်နေပါသည်။ ဂိမ်းထဲကအတိုင်း လူသတ်နေသူတစ်ဦးကို ရဲက ဂိမ်းကစားကွက်အတိုင်း တစ်ကွက်ကြောကာ ဖမ်း ဆီးခဲ့ရသော ဇာတ်ကားတစ်ကားလည်း ကျွန်မကြည့်ဖူးသည်။ နှစ်ခြိုက်စွာ ကစားမှု၏အဆုံးမှာ လက်တွေ့ ကွင်းဆင်းလာကြခြင်းဖြစ်ပေလိမ့်မည်။ ဂိမ်းထဲတွင် စိတ်ရောက်ကာ ပတ်ဝန်းကျင်ကိုလည်း သတိမမူမိဘဲ ပါးစပ်မှ အသံပေါင်းစုံမြည်တမ်းကာ ကိုယ်ရော စိတ်ပါပျောက်နေသည့် ဂိမ်းကစား သူလူငယ်များကို အင်တာနက်ဆိုင်များတွင်တွေ့ နေရသည်။ တခါကများဆို စိတ်ဝင်စား၍ ခြေပါ ပါသွားကာ အောက်က CPU ပုံးကို ခြေထောက်နှင့်ကန်ချခဲ့သူကိုလည်း ကျွန်မမြင်ဖူးသည်။ ကျွန်မ ကွန်ပျူတာစသင်ခါစက ဂိမ်းမကစားပါ။ အချိန်ကုန်သည်၊ မျက်လုံးပျက်သည် စသည်ဖြင့် လုံးဝကို မကစားခဲ့ပါ။ ခုတလောတွင် ကျွန်မ ပျင်းပျင်းရှိသည်နှင့် angry birds ကစားမိပါသည်။ လောက်လေးခွ (အညာကတော့ အဲလိုခေါ်သည်) ကို ငှက်ကလေးထည့်ဆွဲကာ လိုရာပစ်မှတ်ကို ပစ်ချိန်မှာ ကျွန်မ၏ ခန္ဓာကိုယ်ကော ခေါင်းပါလိုက် စောင်းမိသည်။ မရလျှင် မရ ရအောင်ကစားသည်။ ထမင်းစားချိန် မေ့ လာသည်။ ကွန်ပျူတာအသုံးများကာ မျက်စိကိုက် လာသည်။ ညဘက်များဆို ငှက်ကလေးများကိုပါ အိပ်မက်ပင် မက်လာပါသည်။ ဂိမ်းတစ်ခု၏ အကျိုးသက်ရောက်မှုကို ကျွန်မခံစားမိခြင်းဖြစ်သည်။ သို့ သော် ထိုအကျိုးမှာ ကောင်းကျိုး မဟုတ်ခဲ့သည်ကို ကျွန်မသိမြင်ခဲ့သည်။ အထက်ပါသတင်းကိုဖတ်ရချိန်မှာ ကျွန်မဆရာပြောဖူးတာကို သွားသတိရသည်။ ကျွန်မ၏ဆရာသည် အတန်း ပညာထိရောက်အောင် မသင်ကြားခဲ့ရသော်လည်း ယခုအခါ ဂျပန်နှင့် အင်္ဂလိပ်စာကို ယခုအခါသင်တန်းများပေးကာ ဂျပန် INGO တစ်ခု၏ မြန်မာနိုင်ငံတွက် ခေါင်းဆောင်တစ်ဦးအဖြစ်ဆောင်ရွက်နေသူဖြစ်နေသည်။ ဆရာသည် ငယ်စဉ်က စာဖတ်အားကောင်းသူတစ်ဦးဖြစ်သည်။ သို့ သော် ကျောင်းစာ၊ အတတ်ပညာစာ၊ အသိပညာစာများမဟုတ်။ ထိုအချိန်က သူဖတ်ခဲ့သော ၀တ္ထုထဲက ဇာတ်လိုက်များအတိုင်း အတုယူကာ ပြုမူသည်။ ၀တ်စားသည်။ သွားတာ လာတာ စားတာကအစ ထိုအတိုင်း ပြုမူကာ ပေတေခဲ့သည်။ မုန့် ပျားသလက်ရောင်းကာ ကျောင်းထားခဲ့သော အမေ၏ မေတ္တာကိုကော စေတနာကိုပါ ဇာတ်ကောင်ပါ ပြောစကားတိုင်း ပြောဆိုစော်ကားခဲ့ဖူးသည်။ လက်တွေ့ ဘ၀ကိုမေ့ လျော့ ကာ ပညာရေးကို လျစ်လျူရှုခဲ့ဖူးသည်။ သို့ သော်ထိုသို့ လေလွင့်နေခဲ့သူ ဆရာကို စာတစ်ပုဒ်က ပြန်လည် ပြင်ဆင်ပေးခဲ့ပါသည်။ ထိုစာကတော့ ဆရာဇော်ဂျီရဲ့ (ဗေဒါလမ်း) ကဗျာလေးပါ။ ဘဲအုပ်တွေ တစ်ရာနှစ်ရာနဲ့ လှိုင်းကြမ်းလေကြမ်းတွေ ဘယ်လိုပဲကြမ်းကြမ်း ဗေဒါပင်လေးဟာ အခက်အခဲတွေကြားက သူရဲ့ လမ်းကို သူရောက်အောင် ဆက်သွားနေခဲ့တဲ့ ဗေဒါပင်လေးကို သူအတုယူခဲ့တာပါ။ ဆရာဖွင့်ခဲ့တဲ့ စာကြည့်တိုက်ကိုတောင် ဆရာက ဗေဒါလမ်းစာကြည့်တိုက်လို့ ပေး ခဲ့ပါတယ်။ အဲဒီဗေဒါလမ်းကနေ ဖူးပွင့်ခဲ့တဲ့ပန်းကလေးတွေဟာ ခုဆိုရင် နိုင်ငံတကာမှာ အနှံ့ အပြားရောက်ရှိ ရှင်သန် နေကြပါပြီ။ ဒါဟာ ဗေဒါလမ်းကဗျာလေးရဲ့ အကျိုးသက်ရောက်မှုပါ၊ ကောင်းကျိုးပေါ့။ ဆိုလိုချင်တာက အနုပညာ (စာပေ၊ ဂီတ၊ ရုပ်ရှင် ) အားလုံးကို ခံစားရာမှာ အသိဥာဏ်ယှဉ်တွဲစေချင်တာပါ။ စာအုပ်ထဲက ရေးသားချက်တိုင်းဟာ အမှန်မဟုတ်နိုင်တာမို့  စာရေးဆရာတိုင်းရဲ့ အယူအဆတိုင်းဟာလည်း အမှန်ဟုတ် မဟုတ် စာပေါ်မှစီးပြီးခွဲခြမ်းနိုင်စွမ်းရှိစေချင်သည်။ ကိုယ်ပေးလိုက်သော စာဖတ်ချိန် (ဥပမာ ၁ နာရီ)နှုင့် တန်သော အသိပညာ ရမရ ပြန်လည်သုံးသပ်စေလိုသည်။ စာတော့အချိန်ပေးဖတ်ရပြီး ထိုပေးသောအချိန်နှင့် တန်သော အသိဥာဏ်တစ်ခုခု မရခဲ့ဖူးဆိုလျှင် ကျွန်မတို့ အချိန်ကော ငွေပါ ဖြုန်းမိနေပြီဟု သတိထားမိသင့်သည်။ ထိုသို့ ပင် ရုပ်ရှင်မင်းသမီးဝတ်ဆင်တာကို ကျွန်မတို့ အပြင်မှာ လိုက်ဝတ်ရင်……………………….. ကျွန်မတို့ က မင်းသမီးမှမဟုတ်တာပဲ။ အတုယူသင့်တာကို ယူတတ်ဖို့ လိုပါသည်။ ခက်တာက အသိဥာဏ်မရင့်သေးသော ကလေးငယ်များအတွက်ပါ။ အမြင်ကို သင်၊ အကြားကို သင်ကာ မိဘ ကို ပြန်ပြောတတ်လာသော ကလေးများ၊ အလယ်တန်းအဆင့်လောက်မှာပင် အလှအပကို စိတ်ဝင်စားလာသော ကလေးများ၊ ကိုးရီးယားကားများကြည့်ကာ သောက်စားလာကြသော မိန်းမပျိုလေးများ၊ မိန်းမနောက်ပိုးလုပ်ကာ ယောကျာင်္းလေးကို ရည်းစားစကားစပြောသော ဗွီဒီယိုပြကွက်များ၊ မြန်မာယဉ်ကျေးမှုနှင့် အမြင်မတင့်သော အ၀တ်စား များဝတ်လာကြသော ၀တ်စားဆင်ယင်မှုများ ………ဒါဟာ မှားယွင်းသော အတုယူမှုတွေပါလို့  သူတို့ သိဖို့လိုအပ်နေ သည်။ ထို့ ကြောင့် ဤနေရာတွင် အုပ်ထိန်းသူ၊ မိဘ၊ ဆရာသမားတို့ က လမ်းမှန်ပြ အကူအညီပေးရမည်။ ထိုအတူ သက်ဆိုင်ရာ အနုပညာဖန်တီးသူများအနေဖြင့်လည်း မိမိတို့ ၏ ဇာတ်ကောင်၊ ဇာတ်လမ်း၊ အနုပညာ ဖန်တီးမှုများအားလုံးကို မချပြမီ ပြန်လည်သုံးသပ်သင့်ပါသည်။ မိမိ၏ဖန်တီးမှုသည် အဆိပ်မဖြစ်ဖို့ လိုသလို ခံစားသူ များသည်လည်း နှလုံးသားနှင့်သာမက ဦးနှောက်ဖြင့်ပါ ခံစားတတ်ကြပါစေလို့ ဆုတောင်းမိပါသည်။ ဧပရယ်ဆွေဆွေ

0 comments: