Images

မိဘနှင့် သားသမီး



အကြွေးဆိုသည်မှာ ပြန်ဆပ်ရသောသဘောပါရှိပါသည်။ ကိုယ်ကပဲယူယူ ကိုယ်ကပဲပေးပေး အကြွေးတိုင်းကတော့ မကောင်းလှပါ။ လူတစ်ယောက်သည် ဘ၀တတစ်ခုအတွင်းသို့ ဝင်ရောက်ခွင့်ရသည်နှင့် တပြိုင်နက် အကြွေးဆပ်ဖို့ တာဝန်ပါလာပါသည်။
မိမိကို အသက်နှင့်ရင်းပြီး မွေးလာပေးရတဲ့ အမေ့ကျေးဇူး
လူလားမြောက်အောင်ရှာဖွေပေးခဲ့တဲ့ အဖေ့ ရဲ့ ကျေးဇူး ဒါတွေက လူသားတိုင်း မလွတ်ကင်းတဲ့ အကြွေးများပါ။ မိဘဆိုသည်ကတော့ သားသမီးအတွက် ပေးဆပ်သူ သက်သက်သာဖြစ်၍ အကြွေးလို့ လည်း မခံယူ။ ပြန်ရဖို့ လည်း မမျှော်ကိုးပါ။ ထို့ အတူပဲ သားသမီးတိုင်းကလည်း ဒီအကြွေးကို အကြွေးလို့ မမြင်တတ်သူ ပြန်ဆပ်ဖို့ မသိတတ်သူ သားသမီးဆိုးများက အများစု ဖြစ်ပါသည်။
ဘ၀တစ်လျှောက်လုံး ကျွန်သာသာလုပ်ကျွေးခဲ့တဲ့ မိဘရဲ့ ကျေးဇူးကို မဆပ်နိုင်သည့်အပြင် မိဘကိုမျက်ရည်ကျ အောင်လုပ်သည့် သားမဟုတ်သည့် ကျား၊ သမီးမဟုတ်သည့် မီးများရှိနေပါသည်။ တကယ်တော့ ကိုယ့်အပေါ်ဘယ်သူ မှ မထားနိုင်တဲ့ မိဘရဲ့ မေတ္တာမျိုးကို ဘယ်နေရာမှ သင်ရှာကြည့်ကြည့် သင်မတွေ့ နိုင်တာ အသေအချာပါပဲ။
၅ နှစ်သားသာ သားကလေးနှင့် ၃ နှစ်အရွယ် သမီးလေးနှစ်ယောက်ကိုလက်ဆွဲကာ ပလတ်စတစ်ကောက်သည့် အဖေတစ်ဦးကို တွေ့ ဖူးသည်။ စက်ဘီးတစ်စီးနှင့် ရေခဲချောင်းရောင်းကာ သားကိုကျောင်းထားသည့် အမေကို ထိုသား က သူကျောင်းတက်စေလိုလျှင် ဆိုင်ကယ်ဝယ်ပေးရမည်ဟုပြောသော သားဆိုးမျိုးလည်း မြင်ဖူးသည်။
တကယ်တော့ အပြစ်ဆိုတာ ကိုယ့်ဘာသာလုပ်ယူကြတာပါ။ အကြွေးကို ပြန်မဆပ်နိုင်ရင်တောင် ကြွေးရှင်ကိုမစော်ကား မိဖို့ လိုအပ်ပါသည်။
" မာတာပိတု ဥပဋ္ဌာနံ " အမေအဖေပေါ်မှာ ပြုစုလုပ်ကျွေးရမဲ့ ၀တ္တရားသားသမီးတိုင်းမှာ ရှိပါတယ်။ မင်္ဂလာတရားတော် မှာလည်း ဗုဒ္ဓကအတိအလင်းညွှန်ပြခဲ့တယ်။ ဒါပေမဲ့ ယခုမျက်မြင်တွေမှာလည်း ဒီတရားဟာ ကမ္ဘာပေါ်မှာလူတွေဖယ် ခွာလာတဲ့ တရားဖြစ်နေသည်။ မိဘကိုလုပ်ကျွေးတာ လစ်ဟင်းလာသည်။ အဖေ့ကို အိမ်စောင့်ရုံ။အမေကို မြေးထိန်းခိုင်း ဖို့ လောက်သာ သတိရကြတော့သည်။
သားသမီးမျက်နှာကြည့်၍ ထမင်းစားနေရသော မိဘတို့ ၏ရင်ထဲကို တဆိတ်တော့ နားလည်စေချင်မိသည်။ တကယ်တော့ ပစ္စည်းဥစ္စာက တန်ဖိုးမဟုတ်ပါ။ မိမိရင်ထဲက စေတနာကသာ တန်ဖိုးပါ။ မိဘတွေရင်ထဲက စေတနာက သင့်ရင်ထဲက စေတနာနဲ့ လုံးဝနှိုင်းလို့ မရတာကတော့ အသေအချာပါ။
လူ့ အသိုင်းအ၀ိုင်းမှာလည်း လိုက်နာရမဲ့ စည်းကမ်းတွေရှိပါတယ်။ ကိုယ်ငယ်စဉ်က ရာသီဥတု ချမ်းချမ်းပူပူ အပြုံးမပျက်လုပ်ကျွေးခဲ့တဲ့ မိဘကို ကိုယ့်အလှည့်ပြန်လုပ်ကျွေးခွင့်ရချိန်မှာ လူအိုရုံပို့ ဖို့ ချောင်းနေတဲ့ သားသမီးတွေ၊ " အမေ့မှာ ဒီပြင်သွားစရာ သားသမီးမရှိတော့ဘူးလား ။ ကျွန်တော့်အိမ်မှာပဲ ဘာလို့ နေနေတာလဲ " လို့ အမေကို မသဒ္ဓါ ကြောင်း ပွင့်ပွင့်လင်းလင်းဆိုရဲတဲ့ သားသမီးတွေ သင်တို့ ဘာလို့ အကြွေးကိုမေ့ပြစ်လိုက်သနည်း။
ကြွေးယူစဉ်ခဲ့တုန်းက ပြုံးပြုံးမို့ လား..
မိဘအပေါ်တောင် မေတ္တာ ကရုဏာမထားနိုင်တဲ့သူအတွက် လောကကြီးကလည်း မျှတတဲ့စိတ်ထားပေးနိုင်မှာ မဟုတ် ပါဘူး။သင်လည်းတစ်နေ့  သားသမီးတွေရလာပြီး အမေအဖေနေရာကို ကိုယ်ချင်းစာလာတတ်တဲ့ တစ်နေ့ ရှိလာမှာပါ။ ဒါပေမဲ့ ထိုတနေ့ ဆိုတာ သင်နောင်တရမဲ့နေ့ မဖြစ်စေချင်ပါ။ အရာအားလုံး အစားထိုးပြီး ကုရိုးရချင်ရမယ်။ မိဘကတော့ သင့်အတွက် ဘယ်တော့မှ အစားပြန်မရနိုင်ပါ။ ထိုအသိဟာ မိဘတွေမရှိတော့တဲ့အချိန်မှဆိုရင်တော့ သင် သင့်အကြွေး ကို ဘယ်လိုဆပ်တော့မလဲ။
လူသည် မွေးဖွားလာကတည်းက မိသားစုနှင့် ရှင်သန်ရသည်။ သဘာဝကပေးသော အပေါင်းအသင်းထဲတွင် မိဘသည် အကောင်းဆုံးခရီးဖော်များဖြစ်သည်။ အဇာတသတ်လောက်ဘုရားကို ကြည်ညိုတဲ့သူမရှိ(သောတပန် မျိုးစေ့ပါ)သော်လည်း မဆည်းကပ်သင့်သူကို ဆည်းကပ်မိ၍အဖကိုသတ်ကာ သောတပန်မှလွဲခဲ့ရသည်။ ကိုယ်ပြုခဲ့တဲ့ အတိတ်က အကုသိုလ်ကံ ကုသိုလ်ကံတွေက ယနေ့ ပြန်ကျေးဇူးပြုမှာဖြစ်သလို ကိုယ်ဝမ်းထဲကတရားက ကိုယ့်ကိုပြန်စီရင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရလာတဲ့ဘ၀မှာ ကျေးဇူးတွေရှိရင်ဆပ်ပါ။ မကောင်းတာကို ဥာဏ်နဲ့ ပယ်နိုင်သလို ကောင်းတာကို ဥာဏ်နဲ့ သိမြင်ပြီး ကျေးဇူးဆပ်နိုင်သော သားရတနာ သမီးရတနာများဖြစ်စေလိုပါသည်။

ဧပရယ်ဆွေဆွေ

0 comments: