Images

ပညာ ….ပညာ….ပညာသင်များနှင့် ပညာရှင်များ




လောကတွင် ပညာသည် အလွန်အရေးပါ ပါသည်။ ပညာဖြင့် အမှန်အမှားကို ဆုံးဖြတ်နိုင်သည်။ ပညာဖြင့် ဘ၀ လမ်းကြောင်းကို လျှောက်နိုင်သည်။ ပညာဖြင့် လောကအလယ်တွင် အလုပ်အကျွေးပြုနိုင်သည်။ သို့ သော် ထို ပညာကို လွယ်လွယ်နှင့်မရနိုင်။ကိုယ်အားဖြင့်လည်းကောင်း၊ ဥာဏ်အားဖြင့်လည်းကောင်း သင်ယူရသလို ငွေအား ဖြင့်လည်း ၀ယ်ယူရပါသည်။
ယခုခေတ်တွင် ထိုသို့ ဝယ်ယူလိုက်သော်လည်း အချိန်တန်၍လည်း အသုံးချမရသောအခါ လူငယ်တို့ ၏ဘ၀ သည် ဝေလေလေဖြစ်လာရသည်။ သူငယ်တန်းမှစ၍ ဘွဲ့ ရသည်အထိ ကုန်ကျစရိတ်သည် ဘွဲ့ ရသည်မှ သေသည်ထိ ပြန်ရှာလျှင် ပြန်ရနိုင်မည်လား မသေချာတော့။ ထိုအခါ ငွေပြန်ရှာနိုင်ရန် နိုင်ငံခြားသို့ ခြေဦးတည်သောအခါ တိုင်းပြည် တွင် ပညာတတ်ဆုံးရှုံးရပြန်သည်။ သူတို့ ကိုလည်း အပြစ်မဆိုသာ။ ဘယ်သူ့ ကိုမှလည်း အပြစ်မတင်သာ။
ယနေ့ ခေတ် မြန်မာကျောင်းသားများ၏ မှတ်ဥာဏ်တွင် စာအုပ်ထဲက စာသာရှိသည်။ စာမေးပွဲတွင် ကျက်ထား သမျှ ၏ သည် မရွေးပြန်ရေးမည်။ ထိုသို့ ဖြင့် သူတို့ ၏ တစ်နှစ်တစ်တန်းတက် အောင်ပန်းကို ရနိုင်မည်ဖြစ်သည်။ သို့ သော်လည်း သူ့ ဘ၀အတွက် အဆင့်မြင့်ပညာတစ်ခုကို သင်ယူခွင့်ကြုံသောအခါ နောက်ကျစေတော့သည်။ အဘယ်ကြောင့်ဆိုသော် သဘောတရားနားမလည်ဘဲ နှုတ်တိုက်ချသမျှသည် တစ်ပွဲသာတိုးနိုင်သည်။ နောက်ဆုံးတွင် ထိုနည်းအတိုင်းနှင့် ဘွဲ့ လက်မှတ်တစ်ခုရ၍ ကျောင်းဆရာ သို့ မဟုတ် ပါမောက္ခ တစ်ယောက်ဖြစ်လာသောအခါ သူနည်းနှင်နှင်ပင်ဖြစ်သော လူသားကလုံးလေးများ ဆက်မွေးထုတ်ပေးနေပါ လိမ့်မည်။
စင်ကာပူတွင် သွားတက်သော ကျောင်းသားတစ်ဦး စာသိပ်မလိုက်ဟုဆိုပါသည်။ ဘာကြောင့်လဲလို့ မေးတော့ သူတို့ က အတွေးအခေါ်ပိုင်းကို ဦးစားပေးသော မေးခွန်းတွေကို မေးလို့ ဟုပြောပါသည်။ မြန်မာလူငယ်များက နိုင်ငံခြားတွင်သာ ကျောင်းတက်ချင်ကြသည်။ ကိုယ်အရင်ဆုံးဖြည့်ရမည့် လိုအပ်ချက်ကိုလည်း မပြင်ဆင်။ အခြေခံ ကလည်း အားနည်းတော့ နိုင်ငံခြားတွင် အခြေမလှဖြစ်ရသည်။
ဘွဲ့ ရသူတစ်ယောက်သည် အင်္ဂလိပ်စကားကိုနားမလည်။ သဒ္ဒါ မှန်အောင် မရေးတတ်သောအခါ ဘယ်သူ့ ကို အပြစ်တင်ရမှန်းမသိတော့။ ဘာတွေလိုနေလို့ နည်း။ဘယ်သူတွေ မှားနေလို့ နည်း။ မေးခွန်းတွေသာ တန်းစီလာ သည်။ မြန်မာနိုင်ငံ၏ သင်ရိုးသည် အလွန်ရိုးရှင်းပါသည်။ ကျောင်းသားများနား လည်နိုင်ပါသည်။ သို့ သော် သင်ပေး သူများက မည်သို့ ကလေးများ နားလည်အောင် သင်ပေးကြမည်လဲ။ ဤသည်လည်း အရေးကြီးသော အဖြေရှိရန်လို လာသည်။ စာကိုဖတ်ပြရုံမျှသာဆိုလျှင် ကလေးလည်းနားလည်မည်မဟုတ်။ ပြဋ္ဌာန်းစာအုပ်၏လွှမ်းမိုးမှုသည် သူတို့ ၏ စဉ်းစားဥာဏ်နှင့် ကိုယ်ပိုင်အစွမ်းအစကိုပင် ဖုံးလွှမ်းထားတော့သည်။ ကျူရှင်ကျမှတွေ့ မည်ဆိုလည်းလဲ ကျူရှင်မ တက်သောကလေးများ ကျန်ရစ်ဖြစ်မည်။ မော်ဒရေးရှင်းပေး၍ အအောင်ပေးခြင်းသည်လည်း ကလေးကိုပိုမို အနည်ထိုင်စေပါသည်။
ပညာသင်ပေးသည့် နည်းစနစ်ပုံစံတို့ သည် ကျောင်းသားတို့ ၏ အမူအကျင့် စိတ်ပါဝင်စားမှုအပေါ်မူတည်၍ လိုက်လျောညီထွေ ပြောင်းလဲသင့်ပါသည်။ ယနေ့ပြောင်းလဲထားသည်ဆိုသော သင်ကြားနည်းစနစ်များကိုလည်း ကျောင်းတွင် အသုံးချမှု ရှိမရှိ စစ်ဆေးသင့်သည်။ လာမည်ဟုကြိုသိလျှင်တော့ သူတို့ ကောင်းမွန်သော အပြုအမူများ နှင့် ဖုံးအုပ်ထားလိမ့်မည်။
ငယ်ရွယ်သောကလေးငယ်တို့ ၏ ဇာတိစိတ်များ၊ စွမ်းရည်ပုန်းများ၊ ဇီဝကမ္မစေ့ဆော်မှုများသည် မေးခွန်းပင်မပါ သော အဖြေချည်းအလွတ်ကျက်ခိုင်းသည့် အပျင်းထူသည့် ဆရာများလက်ချက်ဖြင့် ပျောက်ကွယ်နေသည်။
အရက်သောက်လာပြီး စာသင်နေသော ဆရာများရှိသည်။ နှစ်လုံးတွက်နေသော ဆရာမများရှိသည်။ နှစ်လုံး ပေါက်သော ဆရာမကို ကိုယ်တိုင်မပြောဘဲ အရက်မူးနေသောဆရာက ကျောင်းသားကလေးများမှတစ်ဆင့် မုန့် ဖိုး သွားတောင်းခိုင်းသည်။ ကလေးများက ဘယ်သူ့ ကိုကြောက်ရမည်လဲ။ မြေစာပင်လေးများပင်။ ငယ်ငယ်တုန်းကဆို ဆရာဆရာမမြင်လျှင် အဝေးမှပင် လက်ပိုက် ခေါင်းငုံ့ ကာ အရိုအသေပေးကြရသည်။ ယခု တက္ကသိုလ်များတွင်ပင် ဆရာ ဆရာမအနားမှ ဆိုင်ကယ်ကို တိုက်လုမတတ် မောင်းနေကြသည်။ လမ်းဘေးကဆင်းရင် ဆင်း မဆင်းလျှင်ဖြင့် အတိုက်ပင်။ လောကနီတိ၊ လူ့ ကျင့်ဝတ် သူတို့ ငယ်စဉ်ကပင် မသင်ခဲ့ရတာကိုး။ မည်သူ့ ကို နားလည်သင့်သနည်း။
ဖာလိုက် ထေးလိုက်၊ သဲဖို့ လိုက်နှင့် အစမ်းသပ်ခံပညာရေးတွင် လူငယ်အများစု အသက်ကြီးကုန်ဖူးသည်။ ပညာရေးစနစ်သည် တိုင်းပြည်၏အဓိကထုတ်ကုန်ဖြစ်လျှင် ရတနာလူငယ်ကုန်ချောများထွက်လာနိုင်သည်။ ကုန်ကြမ်း သည် သုံးမရလျှင် တန်ဖိုးရှိသော ထုတ်ကုန်မှာ ဈေးမရနိုင်ချေ။ နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ( စကားလုံးကြီး ကြီးဖြင့် ချီပြောခြင်းပါ ) လူငယ်များဟာ မအောင်မနေရ အတန်းတင်စနစ်တွင် သိမ်းကြုံးပါလာသူဖြစ်ပါက သူ့ ဘ၀ခရီး လမ်းနှင့် အတူ နိုင်ငံ၏အခြေအနေသည်ပင် ကျေနပ်ဖွယ်ကောင်းမည်မဟုတ်ပါ။
သင်ရိုးညွှန်းတမ်းသတ်မှတ်ချက်မရှိသော လူ့ ဘ၀ခရီးလမ်းသည် ပို၍နက်နဲကာ တွက်မရသော ပုစ္ဆာများ၊ ပုံသေနည်းမရှိသော အခက်အခဲများဖြင့် ပြည့်နှက်နေသည်ဖြစ်ရာ ထိုခရီးတွင် သူတို့ မည်သို့ လျှောက်မည်နည်း။
သင်ထောက်ကူပစ္စည်းများသည် စက္ကူများနှင့်သာဖြစ်လျှင် ဘာလုပ်ရမည်နည်း။ စာရေးသူအထက်တန်း တက်စဉ်က လက်တွေ့ ခန်းတစ်ခါတည်း ၀င်ရဖူးသည်။ သို့ သော် ဘာမှ မည်သူမျှ သင်ပြမည့်သူရှိမနေပါ။ မိုက်ကရို စကုပ်တခုကိုသာ ကျောင်းသားကျောင်းသူများ တစ်ယောက်တစ်လှည့် ကြည့်ကြရသည်။ ကျွန်မအလှည့်တွင် ဘာ ကြည့်ရမှန်းမသိ၍ ပါးမှ သနပ်ခါးလေးကိုခွာကာ တင်ကြည့်ဖူးသည်။ ဆယ်စုနှစ်တစ်ခုပင်ကုန်သွားသော်လည်း ယနေ့ ခေတ်တွင်လည်း တက္ကသိုလ်ဝင်တန်းကလေးများ လက်တွေ့ ခန်းထဲတွင် ဘာဓာတ်ငွေ့ မှ မထုတ်ဖော်ဘူး။ Copper ထဲကို Nitric acid (dil) ထည့်ရင် Nitrogen oxide ထွက်မည်ဆိုသည်မှာ အာဂုံဆောင်သော စာသာ ကျက် နေရဆဲပင်။ လက်တွေ့ မပါသော သီအိုရီဖြစ်၍ ထိုနိုက်ထရိုဂျင်သည် ဘာအရောင်မှန်းပင် မမြင်ဘူးကြ။
ကျောင်းသားများကို အဖွဲ့ လိုက် စဉ်းစားတွေးခေါ်တတ်အောင် သင်ကြားပေးသင့်သည်။ ဒါမှ team work ဖြင့် အလုပ် လုပ်တတ်ကာ စည်းလုံးလာမည်။ ထို့ အပြင် ကိုယ်ပိုင်လေ့လာသင်ယူတတ်အောင် self learning၊ သူငယ်ချင်း အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် တာဝန်ယူတတ်သည့် responsibility ၊ ကိုယ့်လေ့လာသင်ယူမှုအပေါ် ကိုယ့်ဖာသာ ပြန်လည် ဆန်း စစ်တတ်အောင် self - reflection စတာတွေကို လေ့ကျင့်ပေးသည်။ အဖွဲ့လိုက် တစ်တန်းလုံးကို တင်ပြတာ presentation လည်း လုပ်ခြင်းဖြင့်လည်း စာကိုပိုမို မှတ်မိစေကာ ကျောင်းတက်ပျော်စေလိမ့်မည်။
မူလတန်းနှင့် အလယ်တန်းအဆင့်တွင်လည်း ကျူရှင်တက်သည့်ကလေးသာ မျက်နှာသာရသည်။ တစ်လ တစ်ခါ စာမေးပွဲစစ် ပြီးသောအခါ ထိုသင်ခန်းစာများသည် စာအုပ်ထဲတွင်သာကျန်နေတော့သည်။ နောက်စာမေးပွဲတွင် ထိုသင်ခန်းစာကို ပြန်ကြည့်စရာမလိုဟုဆိုသည်။ နယ်များတွင် ဆရာဦးရေမလုံလောက်၍ အပြင်မှ ဆရာများကို(နယ်ခံ ဘွဲ့ ရ သို့ မဟုတ် ဆယ်တန်းအောင်ထားသူများ)ပြန်ခန့် ထားရသည်။ သို့ သော် ထိုဆရာများသည် တခါတရံ ၁၀ ရက် တရားစခန်းဝင် နေတတ်သည်။ တခါတရံ မြို့ တက်၍ ဈေးဝယ်သွားကြသည်။ အတန်းထဲတွင် စာစစ်ဖို့ အမြန်လိုသော အခါ ကလေးများကို ညဘက်စာကြည့်ခေါ်ကာ စာပြန်စစ်ခိုင်းနေကြသည်။ ကိုယ်ဖြေထားသောစာကို ကိုယ်ပြန်စစ် သောကလေးများ မြန်မာပြည်တွင် အမှန်တကယ်ရှိနေပါသည်။ မြန်မာပြည်ပညာရေးသည် အမှန်တကယ်ပင် စိတ်ဝင် စား ဖွယ်ကောင်းလှပါသည်။
စင်စစ်ပညာရေးတွင် အတက်မြန်ဖို့ ထက် အခြေမှာပင်မြဲဖို့  အရေးကြီးပါသည်။ ဘွဲ့ တစ်ခုပင်ရသော်လည်း သာမန်အင်္ဂလိပ်စကားပင် မပြောတတ် နားမလည်ကြသည်မှာ အောက်ခြေလွတ်ခဲ့သော ပညာသင်ကြားနည်းကြောင့် ဖြစ်ပါသည်။ အသိမှန်မှ အကျင့်မှန်မည်ဖြစ်၍ ငယ်စဉ်ကပင် မိခင်ဘာသာစကား ပိုင်နိုင်အောင် အခြေခံများနှင့်တကွ တ်၊ က် မှန်ကန်စွာရေးနိုင်အောင် ပံ့ပိုးပေးဖို့ လိုပါသည်။ ထို့ အတူ အင်္ဂလိပ်စာသဒ္ဒါကိုလည်း အသက် ၈ နှစ်ကျော်လျှင် အစပျိုး၍ ပေးသင်ထားသင့်သည်။ အသံသွင်းထားသော ဓာတ်ပြားဟောင်းကို ကြိမ်ဖန်တလဲလဲ နားထောင်စေခြင်းမျိုး မဟုတ်ဘဲ သူတို့ ၏
မွေးရာပါစွမ်းရည်ပုန်းများ ( Innote Potentialition )
အပြုအမူ အကျင့်စရိုက် ( Behaviour )
ဇာတိစိတ် (Instincts ) တို့ ကို ဖော်ထုတ်ခွင့်ပြုပြီး မှန်ကန်သော ပတ်ဝန်းကျင်ဖန်တီးပေးသင့်သည်။ လူသားများဖြစ်သော သူတို့ တွင်လည်း ကိုယ်ပိုင်သံစဉ်များရှိနိုင်သည်ဖြစ်ရာ ၄င်းတို့ အတွက် အခွင့်အလမ်းပေး၍ စိတ်တိုင်းကျ ထုတ်လွှင့်ခွင့်ပေးသင့်ပါသည်။
ဤစာစုကို ကျွန်မရေးရခြင်းမှာ အပြစ်တင်ခြင်းလည်းမဟုတ်။ ကျွန်မတို့ ဘာလုပ်နိုင်ကြမည်လဲ အကြံတောင်းရုံ မျှသာ ဖြစ်သည်။ ၄၉၆ မှတ်ရသောကလေးမလေးနှင့် အမှတ်ပေါင်း ၄၅၁ မှတ်ရသော ကလေးငယ်နှစ်ဦးက သူတို့ ဘာတက်ရမှန်းမသိလို့ ဟု ပြောသည်။ သူတို့ မှာ ဆယ်တန်းကိုအမှတ်ကောင်းကောင်းနှင့်အောင်ဖို့ သာ အစွမ်းကုန်ကြိုးစားခဲ့ကြသည်။ ဘာလုပ်ရမှန်းလည်းမသိ ဘာလုပ်မယ်လို့ လည်း ရည်ရွယ်ချက်လည်းမရှိ။ အသိ ပညာနှင့် အတတ်ပညာပိုင်းတို့ တွင် လတ်တလောအတတ်ပညာပိုင်းက အလုပ်ရလွယ်ကူသည်။ အသိပညာပိုင်းသည် နေရာတိုင်းတွင် ပြန်အသုံးချမရပြန်။ အတတ်ပညာပိုင်းတွက်ဆိုလျှင်လည်း ငွေကြေးတတ်နိုင်ဖို့ လိုပြန်သည်။ ထိုငွေ ကြေးသည် သိန်းဆယ်ဂဏာန်းနီးသောအခါ သာမန်မိသားစုများတွင် အခက်အခဲဖြစ်လာရတော့သည်။ သားသမီး သည် လုပ်ချင်သာတာသိသည်။ မိဘ၏အခက်ခဲကို နားလည်မပေးနိုင်။ ယခုလည်း ဤသို့ ပင်ဖြစ်လိမ့်မည်။ ကျွန်မ တို့ ဖြစ်ချင်သာတာ သိသည်။ နိုင်ငံ၏အခက်အခဲကို နားမလည်နိုင်။ သို့ သော် အကောင်းဆုံးသော ပြောင်းလဲနည်း များဖြင့် ပြောင်းလဲကာ ပညာရှင်များက ပညာသင်မြန်မာကလေးငယ်များကို အောက်ခြေကပင်အသွင်ပြောင်း ပျိုး ထောင်ပေးဖို့  သင့်သည်ဟု ဆိုချင်ပါသည်။
ဧပရယ်ဆွေဆွေ

ဆရာစိုးမင်းရဲ့  " ၀ါဆိုဝါခေါင်ရေတွေကြီးတော့ " ဆိုတဲ့ ဘလော့ကိုဖတ်ပြီး ရလာတဲ့အတွေးလေးပါ။ ကျေးဇူးပါဆရာ။



0 comments: