Images

လူနာ(၁)



ဦးလူလှတစ်ယောက် အခန်းပြတင်းဆီမှ ခပ်လှမ်းလှမ်းတစ်နေရာကို ကြည့်မိတော့ မြေပြင်မှ တစ်ပေခန့် သာသာအမြင့် တွင် လှပနေကြသော ကျိုင်းတုံပန်းကလေးများကို တွေ့ ရသည်။ လေအဝှေ့ တွင် လေယူရာတိမ်းရင်း လောကအလှကို ဆင်နေ ကြသည်။ ထိုပန်းပင်လေးတို့ ၏ရှေ့ တွင် မားမားမတ်မတ်ရပ်တည်နေသော အဆောင်ကြီးတစ်ခုရှိသည်။ အနာဂတ်လူ့ အဖွဲ့  အစည်းတွင် အားဖြည့်ကြမည့်လူသားငယ်များ လောကအလယ်ခြေချရာဒေသ။
အသားစိုင်၊ အရိုး၊ ခြေ၊ လက် စသည့် အတုံးအခဲတွေကိုဖြစ်စေသော ပထ၀ီ
ထိုပထ၀ီကို တစ်လုံးတစ်ခဲတည်းစုပေးတာက အာပေါ
ထိုအတုံးအခဲကြီးကို ရင့်ရင့်ပြီးမာလာအောင်လုပ်ပေးတာက တေဇော
ထိုသဏ္ဍာန်ကို ပုံမပျက်အောင် စီမံပေးတာက ၀ါယော
ထိုဓာတ်ကြီးလေးပါး အစုအပေါင်းဖြစ်သော ရူပခန္ဓာကြီး စတင်လာချေပြီတကား။ သို့ သော် ထိုခန္ဓာစကတည်းက ငိုခြင်း နှင့်စရပါသည်။
ကလေးငိုသံတွေဆီ အတွေးဝင်ခိုက် အခန်းရှေ့ ကော်ရစ်တာဆီမှ ဘီးလှည်းသံတစ်ခုကြားရသည်။ ကြားဖူးသမျှလှည်းသံ တွေထဲမှာ နားဝင်အဆိုးဆုံးဟု သူထင်သည်။ သံမံတလင်းနှင့် သံဘီးကြမ်းတို့ ၏ ညင်သာမှုကင်းသည့် ပွတ်တိုက်သံ။ ရုတ်တရက် ထိုလှည်းဘီးဆီအကြည့်ရောက်မိတော့ ပိတ်ဖြူဖြူလွှမ်းထားသော အရာတစ်ခုကို သယ်သွားသည့်လှည်း။ တအီအီ ငိုရှိုက်သံတို့ က ကော်ရစ်တာတစ်ဝိုက်တွင် တဒင်္ဂဆူပွက်သွားသည်။ အင်း……အငိုနဲ့ ဆုံးရတာပါပဲလား။
တကယ်တော့လူတွေက ကိုယ့်အိမ်မှာ ဘာရှိတယ်။ မရှိဘူး သိကြပေမဲ့ ကိုယ်ခန္ဓာမှာ ဘာရှိတယ်။ ဘာမရှိဘူးဆိုတာ ဂရု မပြုမိကြပါဘူး။ ရထားတဲ့ခန္ဓာလေးကိုပဲ ငါ့ခန္ဓာဟုထင်နေကြသည်။ စင်စစ်တော့ ရထားတဲ့ခန္ဓာတိုင်းသည် တင့်တယ်သည်မရှိ။ ရွံ့ ရှာစက်ဆုတ်ဖွယ်ရာများချည်းတည်း။ခုကြည့်လေ ဦးလူလှ သုံးလေးရက် ရေမချိုးမပြုပြင်ရုံမျှဖြင့် မတင့်တယ်သော အသွင်ကို ဆောင်လာလေပြီ။
ဒါကိုတောင် ကိုယ့်ခန္ဓာတင်မကဘဲ သူများခန္ဓာကို သွား၍ချစ်ကြ။ တပ်မက်ကြသေးသည်။ စွဲလမ်းမှု လိုချင်မှုစသော လောဘတရားတို့ ၏အဆုံးသတ်သည် ဆင်းရဲခြင်းသာဖြစ်သည်။
တကယ့်အစစ်အမှန်မရှိသော ရုပ်ခန္ဓာပေါ်တွင် အစစ်အမှန်မဟုတ်သောအမည်များဖုံးကာ ထင်မှားမိတော့ အယောနိသော နှလုံးသွင်းမှားတော့သည်။
ငါ့ခန္ဓာ ၊ ငါ့ဥစ္စာ၊ ငါ့သား၊ ငါ့မယား ဟူသော တဏှာဒိဋ္ဌိတို့ ဖြင့် သေလွန်ကြသည်။ ထိုအခါ နောက်ခန္ဓာများစွာဖြင့် သံသရာကို ဆက်ကျင်လည်ရပြန်တော့၏။ သံသရာဆိုရာတွင် ဆင်းရဲသောလမ်းကအများဖြစ်သည်။ သံသရာတွင်လည်း ခိုင်မာတာ၊ ကျေနပ်စရာတစ်ခုမှ ရှိသည်မဟုတ်။ သြော် တကယ်တော့ ဒီရူပခန္ဓာကြီးက နှစ်သက်စရာမရှိ။ မတင့်တယ်ရွံ့ ဖွယ်ရာ ပါတကား။ ခုနကတွန်းသွားသော ဘီးလှည်းပေါ်က ခန္ဓာကို ဘယ်သူက ဘယ်လောက်ချစ်ချစ် နောက်ဆုံးတော့ စွန့် ပစ်ကြတော့ မှာပါပဲ။
သည်လူလှအတွက်ကော……. ။ ခေါ်ရလွယ်အောင် အဖေအမေမှည့်ပေးထားသော်လည်း လူလှဆိုသည်မှာ နာမပညတ် သာဖြစ်သည်လေ။ အတွေးအဆုံးမှာ ဦးလူလှမျက်နှာလေး နွမ်းသွားသည်။
………………… x………………………..x…………………………….x………………………………….
လောကဓာတ်သည် နေ့ မှတဖန် ညသို့ ဆောင်ကြဉ်းပြန်သည်။ ကားလမ်းလေးသာခြားသော ဤဆေးရုံ၏ အခြား တစ်ဖက်တွင် တက္ကသိုလ်အဆောင်များစွာရှိသည်။ နှစ်သစ်ကူးမည့်ညဖြစ်၍ လူငယ်များ ဘာမှမဟုတ်လည်း ပျော်ရွှင်နေကြသည့် အသံများကို ဦးလူလှကြားနေရသည်။
Happy ကိုတန်ဖိုးထားကာ ဆုတောင်းကြသည်။ ဆုတောင်းပေးကြသည်။ ရသည် မရသည် အသာထား။ သူတို့ ပျော်ရွှင် ကြသည်။ ထိုပျော်ရွှင်မှုသည် ရေရှည်ခံသော သုခကားမဟုတ်ပေ။ ဘ၀တဏှာကိုသာ ဆက်ကူးမည့် ဒုက္ခသာတည်း။ သို့ သော် ကောင်းသော ဝေဒနာဖြစ်မှတ်ယူနေကြသည်မှာ လူငယ်မှမဟုတ် လူအများစုလည်း ထိုသို့ ပင်။
လောကသဘာဝအားလုံးသည် မြဲသည် ဟူ၍ ဘာမျှမရှိ။ မိမိသဏ္ဍာန်မှ စိတ်သည်ပင် ၁ စက္ကန့် လျှင် ကုဋေတစ်သိန်း မက ပြောင်းလဲ၏။ သို့ သော် အမှန်မသိမှုကြောင့် မမြင်ကြပါတကား။ သူကိုယ်တိုင်လည်း လူငယ်ဘ၀ကိုဖြတ်သန်းဖူး၍ လူငယ် တွေရဲ့ ရှင်သန်မှုကို နားလည်ပါသည်လေ။
ဦးလူလှ ကုတင်ရဲ့ အခြားတစ်ဘက်ဆီကိုစောင်းဖို့  သူ့ ခန္ဓာကို မနည်းကြိုးစားနေရသည်။ နာကျင်မှုအသီးသီးက ဘယ်ဆီကနာမှန်းမသိအောင် ၀င်ရောက်လာသည်။
ငါ၏သား ငါ၏သမီးဟု ယူဆထားသူများသည် အလုပ်အကြောင်းပြကာ ရောက်မလာကြ။ နေ့ ညစောင့်ကြပ်ဖို့ ငှားပေး ထားသည့် ရူတည်တည်နဲ့ နာစ့်မတစ်ယောက်ကလည်း အမြဲရှိနေတတ်သည်မဟုတ်တာမို့  ကိုယ့်ဘာသာကိုယ်ကြိုးစားစောင်း ကြည့်သည်။ တဆစ်ဆစ်သောနာကျင်မှုတို့ ကို အံတုရင်း………..
စောင်းချင်တာက နာမ်၊ လှုပ်မရတာက ရုပ်။ နာမ်ကစေခိုင်းလို့ ရုပ်ကြီးက ရွေ့ လျားပေးရပေမဲ့  ခုတော့လည်း နာမ်က စေခိုင်းတာတောင် ရုပ်က မနာခံတော့ပါလား။ ထိုခန္ဓာသည် ငါ့ဆန္ဒကို နည်းနည်းမှ မလိုက်ပါလား….။ ရောဂါဝေဒနာကြောင့် သက်သာခွင့်သုခကို တောင့်တ၍နေဆဲမှာပင် ဝေဒနာဒုက္ခကသာ ပြင်းထန်စွာနှိပ်စက်၏။ ကျန်းမာသန်စွမ်းစဉ်က အတ္တဟုထင်ခဲ့ သမျှသည် ခုတော့…………….
အတ္တဒီရေလှိုင်းကို အမြဲစီးကာ လူ့ ဘ၀ရေယဉ်ကြောဝယ် ဦးလူလှ အနှစ် ၆၀ ကူးခတ်ခဲ့သည်။
တဏှာဖြင့် စွဲလမ်းသော ဒီခန္ဓာ
ဒိဋ္ဌိဖြင့် တွယ်တာခဲ့သော ဒီခန္ဓာ တွင် ကိုယ်နှင့်မဆိုင်သော အပြင် ဗဟိဒ္ဓခန္ဓာကိုပဲ ရူမြင်ကာ ကိုယ်နှင့်ဆိုင်သော အဇ္ဈတ္တ ခန္ဓာကို လျစ်လျူရှုခဲ့မိသည်။
ဘ၀နေ၀င်ချိန်သည် နီးလာပါပြီတကား။ ငိုခြင်းတရားတွေ သူ့ အတွက် လောကထဲမှာဖြစ်ပေါ်လာကြဦးမည်။ ငါ့ဘ၀ ငါ့မီးစာသည် ဒီဘ၀တွင်ပင် ငြိမ်းချင်ပါတော့သည်။ နောက်ထပ်ခန္ဓာလည်း မရလိုတော့။
ညည်းသံကြား၍ တစ်ဘက်မှ ကုတင်ကို ကြည့်မိသည်။ ချိုင့်ဝင်နေသော မျက်လုံးအစုံနှင့် ပါးနှစ်ဖက်ကြောင့် ဦးခေါင်းခွံ ပုံသဏ္ဍာန်ပင် အထင်သားမြင်နေရသည့်မျက်နှာ။
ဦးလူလှ မျက်လုံးအစုံကို မှိတ်လိုက်သည်။ ပတ်ဝန်းကျင်မှ ထိုသူ၏အသံကို လျစ်လျူရှူလိုက်သည်။ မိမိခန္ဓာမှ နာကျင်မှု များကိုသာ ရူမှတ်နေမိသည်။
နာကျင်သည်ဟူသော ခံစားမှု
မနာကျင်တော့ဟူသော ခံစားမှု
စိတ်နှလုံးမသာယာမှုဟူသော ခံစားမှု
စိတ်နှလုံးရွှင်ပြသာယာသည်ဟူသော ခံစားမှု စသည့် ဝေဒနာတို့ သည် ပုဂ္ဂိုလ်လည်း မဟုတ်။
ပုဂ္ဂိုလ်၏ အတ္တသာရ လည်းမဟုတ်။
ပုဂ္ဂိုလ်၏ ကိုယ်ထည်လည်းမဟုတ်ဆိုသည့် အရာများသည် သူ့ စိတ်အစဉ်တွင် ထင်ရှားလာတော့သည်။ ထိုအခါ သတ္တ၀ါမဟုတ်။
ကိုယ်ထည်မဟုတ်။
ယောက်ျားမိန်းမ မဟုတ်ဟူသော အနတ္တသဘောကို သိမြင်လိုက်သည့်ခဏမှာ ဦးလူလှ နှုတ်ခမ်းလေး ပြုံးသယောင်ဖြစ်သွားသည်။
……………………….x…………………………………..x………………………………..x……………………………..
လှပသော လိပ်ပြာလေးများသည် ကျိုင်းတုံပန်းကလေးများအနီးတွင် ရစ်ဝဲနေကြသည်။ နေခြည်နုနုတို့ တိုးဝင်နေသော အခန်းပြတင်းဘေးရှိ ကုတင်လေးတွင်မူ လူနာကင်းမဲ့နေလေသည်။


ဧပရယ်ဆွေဆွေ
(28-12-2012 10း 00 AM )

0 comments: