Images

သက်ရောက်မှု



သက်ရောက်မှု


မချစ်တတ်တော့တဲ့ နှလုံးသားဟာ
နင်နဲ့ တွေ့ မှ  ဗလောင်းဆန်ခဲ့တယ်
နင့်ခနဲ တမ်းတမိတိုင်း
 နှလုံးသားမှာ နင့်ပုံရိပ်တွေက 
 တနင့်တပိုး  ထင်ဟပ်ရင်း
ခံစားချက်တွေကို ရောင်ပြန်ဟပ်စေတယ်........
တစထက်တစ.....
 ရင့်နက်လာတဲ့   အရောင်တွေကြားမှာ
 ငါ့အနာဂတ်တောင်     ခပ်ဝါးဝါးဖြစ်သွားလေရဲ့............
Images

ရွှေသမင်မလေးများ



ရွှေသမင်မလေးများ

          မကြာသေးခင်ကမှ အင်တာနက်တွင် ကြည့်လိုက်ရသည်။အမေရိကန်နိုင်ငံတွင် နေထိုင်၍ မော်ဒယ်ဖြစ်ချင်သော မြန်မာမိန်းကလေးတစ်ဦး၏ ဓာတ်ပုံများ၊ ထိုပုံများကိုတွေ့ လိုက်ရသောအခါ ပထမဆုံးတွေးမိသည်က ဘာကြောင့် ကျော်ကြားချင် တာလဲ။ ဘာကြောင့် ထိုသို့ ပြုမှုရသလဲ။ ဘယ်လိုအတွေးအခေါ်မျိုးနဲ့  ရှင်သန်နေတဲ့မိန်းကလေးလဲ တွေးမိသည်။
သူ့ ကိုနှိမ့်ချလို၍ မဟုတ်ပါ။ စင်စစ် တွေးမိသောအရာများကို ရေးချခြင်းပါ။ ကမ္ဘာပေါ်မှာ မိန်းကလေးများစွာရှိပါသည်။ သူလူမျိုး၊ သူ့ ယဉ်ကျေးမှုနဲ့ သူရှိကြသည်။ ကျွန်မတို့ က မြန်မာလူမျိုးမို့  မြန်မာအမျိုးသမီးများ၏ ယဉ်ကျေးမှုဖြင့်သာ ရေးပြလို ပါသည်။
မကောင်းမှုကို သားသမီးပြုလျှင် မိဘပြုသည်မည်ပါသည်။ အရွယ်ရောက်ပြီးသော မိန်းကလေးတစ်ယောက် အရှက်မဲ့စွာ ၀တ်စားဆင်ယူမျိုးကို ဘယ်လိုအဖေ အမေ ဘယ်လိုအစ်ကို အစ်မတွေက ဘယ်လိုမျက်လုံးမျိုးတွေဖြင့် ကြည့်နေကြသနည်း။ ဒီလို ဘရုသုက္ခမိန်းကလေးမျိုးကြောင့် သန်း ၆၀ ထဲက မြန်မာအမျိုးသမီးတွေ သိက္ခာကျရသည်။
ဟိရိသြတ္တပ္ပဆိုသည်မှာ အမျိုးသမီးများအတွက်သာမဟုတ်။ လူတိုင်းအတွက်ဖြစ်သည်။
ဝက်သည် မစင်ကို မရွံသကဲ့သို့  အရှက်မရှိသူသည်လည်း ဒုစရိုက်ကိုပြု၍ မရွံရှာပါ။
ပိုးဖလံသည် မီးကိုတိုးရန် မကြောက်ရွံ့ သကဲ့သို့  အကြောက်တရားမရှိသူသည်လည်း ဒုစရိုက်ကိုပြုရန် မကြောက်ပါ။
ထိုမိန်းကလေးသည် ဤ၀က်မျိုး ထိုပိုးဖလံမျိုးဖြစ်လိမ့်မည်။သူတစ်ယောက်ကြောင့် မြန်မာအမျိုးသမီးတွေ တခြားနိုင်ငံက အထင်မသေးစေလိုပါ။ စပ်မိ၍ပြောရလျှင်လည်း ယနေ့ ခေတ်ဂျာနယ်စာမျက်နှာများပေါ်က မြန်မာမိန်းကလေးတို့ ၏ ၀တ်ဆင်မှု ကိုတောင် နိုင်ငံခြားသားတို့ ပင် သြချနေကြရသည်။
" Myanmar Lady "     ဆိုတဲ့ နိုင်ငံခြားသားတချို့ ၏ အသံထွက်ကို ကျွန်မကြားခဲ့ဖူးသည်။ သို့ သော် ဂုဏ်ယူဝင့်ကြွား စွာ ပြောခြင်းတော့မဟုတ်ပါ။
အလှဆိုတာ ပြမှ ဖော်မှ တိုမှ လှတာ မဟုတ်ပါ။ အလှရဲ့ နောက်ကွယ်က အန္တရာယ်နဲ့ ဘေးတွေကိုလည်း တဆိတ်တော့ သတိထားစေချင်သည်။
အလှဆိုတာ ဘာလဲ။ ယခုမိန်းကလေးတွေ ခေတ်အခြေအနေအကြောင်းပြ အ၀တ်စားကို ၀တ်တတ် စားတတ်လာပါ သည်။ ဖက်ရှင်ဆိုတာ ဆန်းတိုင်းလှတာမဟုတ်ပါ။ ကိုယ်ဝတ်တဲ့ဖက်ရှင်ဟာ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ့်ပတ်ဝန်းကျင်နဲ့  သွေဖယ်သွားတာမျိုး ကွာဟသွားတာမျိုးကို ရှောင်ကြဉ်သင့်ပါသည်။
အရှက်အကြောက်မဲ့သွားသောအတွက် လူဆိုသော တန်ဖိုးရှိသည့် ဒုလ္လဘတရားသည် အဟောသိကံဖြစ်သွားတော့ သည်။ ထိုအရှက်အကြောက်နှစ်ပါးကို အယူတိမ်းကာ ရွှေသမင်အလိုက်မှားနေကြသည်။
ရိုးသားမှုကို အခြေခံပြီး ကာယအားနှင့် ပင်ပင်ပန်းပန်းလုပ်ကိုင်ရသည်ကို ရှက်စရာဟုထင်နေကြသည်။ အခြေအနေအရ မီးစင်ကြည့်ကရတတ်သည့် လူ့ ဘ၀တွင် ထိုသို့ နေထိုင်ရခြင်းဖြင့် နိမ့်ကျသည်မဟုတ်ပါ။ ငွေရရှိမူပေါ်မူတည်ပြီး ရှက်သင့်တာ မရှက်။ ကြောက်သင့်တာ မကြောက် လုံ့ လမစိုက်ချင်ဘဲ စိစစ်သုံးသပ်ခြင်းမဲ့သော ယဉ်ကျေးမှုမရှိ နေထိုင်ခြင်းကသာ ရှက်စရာ ဖြစ်ပါသည်။
သံဖျက်ရသည်မှာ သံချေးကြောင့်ဟု ဆိုတတ်ကြသလို လူဖျက်ရသည်မှာ စိတ်ကြောင့်သာပင်ဖြစ်သည်။ ကျော်ကြားလို စိတ်၊ အောင်မြင်လိုစိတ်၊ လှလိုစိတ် ပလိုစိတ်များသည် ရုပ်ကိုခြယ်လှယ်သွားစေသည်။ ထိုစိတ်များဖြင့် မိမိကိုယ်ကို ဖျက်သည်။ မိမိလူမျိုး၏ ယဉ်ကျေးမှုကိုဖျက်သည်။ မိမိနိုင်ငံ၏ အဆင့်အတန်းကို ဖျက်နေသည်။ စင်စစ် အောင်မြင်လိုသူသည် မှန်ကန်သော လမ်းကြောင်းဖြင့်သာ လျှောက်လမ်းယှဉ်ပြိုင်သင့်၏။
အရှက်နှင့်အကြောက်မရှိသော အမျိုးသမီးတွင် ကိုယ် နှုတ် စိတ်အမူအရာများ ရိုင်းပျနေလိမ့်မည်။ လောကပါလကမ္ဘာ စောင့်တရားကို ရှေ့ လျောက် မြန်မာအမျိုးသမီးများ သေချာထိန်းသိမ်းရတော့မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများနှင့်အတူ နိုင်ငံခြားသားများ ၀င်ရောက်လာတော့မည်။ တိုးတက်မှုနှင့်အတူ ဆုတ်ယုတ် မှုသည် give and take system အတိုင်းဖြစ်လာမည်။ " သားကိုသခင် လင်ကိုဘုရား " သဖွယ် သဘောထားရမည့် မိမိလင်သား သည် ဘာသာမတူ လူမျိုးခြားမဖြစ်ဖို့  သတိနှင့်ဆင်ခြင်ကြဖို့ လိုပါသည်။ အချစ်ကိုအကြောင်းပြချင် ပြနိုင်သော်လည်း မြန်မာ အမျိုးသမီးတို့ ၏ ဆိုင်ရာဥပဒေတချို့ ကိုလည်း လက်လှမ်းမီသမျှ လေ့လားထားဖို့ လည်း လိုသေး၏။
အတိဇာတသားသမီး- မိဘထက် သီလသမာဓိပညာ အကျင့်သာလွန်သူ
အနုဇာတသားသမီး- မိဘနှင့် သီလသမာဓိပညာ အကျင့်တူညီသူ
အ၀ဇာတသားသမီး- မိဘအောက် သီလသမာဓိပညာ အကျင့်ညံ့ဖျင်းသူ ဟူ၍ သားသမီး ၃ မျိုးရှိသည်။
ကိုယ်ကြောင့် မိဘမောင်ဘွား သိက္ခာမကျစေသင့်သလို မိမိလူမျိုး မိမိအမျိုးသားကောင်းသမီးကောင်းတို့ ၏ ဂုဏ်သရေ ကိုလည်း မထိခိုက်စေသင့်ပါ။
အ၀တ်အစားနှင့်အတွေးအခေါ်သည် လူတစ်ဦးစီ၏ ကိုယ်ပိုင်အခွင့်အရေးဖြစ်သော်လည်း ထိုအခွင့်အရေးကို ကောင်းမွန် စွာပဲ အသုံးချစေချင်သည့်အတွက် ဤစာစုလေးကိုရေးသားခြင်းပါ။ မြန်မာအမျိုးသမီးလေးများ ရွှေသမင်အလိုက်မမှားဘဲ အသိဥာဏ်နဲ့ လှပနိုင်ကြပါစေ။

                                                          ဧပရယ်ဆွေဆွေ


Images

စွက်ဖက်လာသော ယဉ်ကျေးမှုများ



စွက်ဖက်လာသော ယဉ်ကျေးမှုများ

        မြန်မာနိုင်ငံ၏ လက်ရှိယဉ်ကျေးမှုသည် အတုခိုးမှုများကာ ကိုးရီးယားနယ်အတွင်း ကျရောက်နေသည်ကိုတွေ့ ရ၏။ မိန်းကလေးသာမက ယောက်ျားလေးများပင် ထိုသို့ အတုယူထားကြသည်ကို တွေ့ ရသည်။ ၀တ်စားဆင်ယင်မှု မဆိုထားနှင့် သောက်စားလာမှုများကို မှားယွင်းစွာအတုယူလာကြသည်။
          စင်စစ်အတုဟူသည် အစစ်မဟုတ်ပါ။ အစစ်နှင့် ဆင်တူယိုးမှားဖြစ်အောင် လုပ်ထားခြင်းမျှသာဖြစ်ပါသည်။ ထိုသို့ ပင် မြန်မာလူမျိုးတို့ ဝတ်ဆင်ထားသည့် ကိုးရီးယားမိတ်ဖြစ်ပါစေဦး ၀တ်ထားသောခန္ဓာသည် မြန်မာမိတ်သာဖြစ်သည်ကို သတိချပ် သင့်ပါသည်။
ဟိုတလောက ကိုးရီးယား-မြန်မာ contact တစ်ခုကျင်းပခဲ့သည်။ ကျွန်မမျှော်လင့်ခဲ့သည်က ထိုပွဲတွင် ဖျော်ဖြေမည့် မြန်မာမလေးတို့ ကို မြန်မာအ၀တ်အစားဖြင့်သာ။ သို့ သော်……….
ကောက်ချက်ချရလျှင် ကျွန်မတို့ မြန်မာတွေရဲ့ စိတ်ပိုင်းသတ္တိ mental courage အတော်အားနည်းခဲ့ပါသည်။ တကယ် တော့ ရှေးပဝေသဏီကတည်းက အိန္ဒိယ၊ တရုတ်စသော နိုင်ငံများက ယဉ်ကျေးမှုတွေက မြန်မာများအပေါ် တစ်နည်းမဟုတ် တစ်နည်း သက်ရောက်လွှမ်းမိုးခဲ့ကြဖူးပါသည်။သို့ သော် ရှေးမြန်မာတို့ က တရားသောသဘောဖြင့် မည်သည့်ယဉ်ကျေးမှုကိုမျှ မဝေဖန် မဆန်းစစ်ဘဲ လက်ခံခဲ့သည်မဟုတ်ပါ။
ယခုဆိုလျှင် ဖက်ရှင်ဆိုသည့်စကားလုံးဖြင့် မူရင်းယဉ်ကျေးမှုများကိုပါ ပျက်စီးအောင် ဖန်တီးလာခဲ့သည်။ ဘယ်ဟာက အလှ၊ ဘယ်ဟာက ဖက်ရှင်မှန်း ခွဲမရအောင်ပင် ဆန်းသစ်တီထွင်လာကြသည်။ ၀တ်တဲ့သူကလည်း ၀တ်ရဲသည်။ သူများနိုင်ငံက သူများတွေဝတ်သည်ဆိုသည်က သူတို့ မွေးကတည်းက နေထိုင်ခဲ့သည့် ယဉ်ကျေးမှုဖြစ်၍ ၀တ်တတ်သလို ထိုင်တတ်သည်။ သွားတတ်သည်။ မြန်မာမလေးများ သတိထားသင့်ပါသည်။
နာမည်ကြီးမဂ္ဂဇင်းတစ်ခုထဲတွင် မြန်မာအမျိုးသားမော်ဒယ်လေးများ၏ အလှဓာတ်ပုံများကို ဖော်ပြထားရာ ထိုအမျိုးသား တို့ တွင် အင်္ကျီတစ်ယောက်မှမပါ။တချို့ တွင် ရှင်လောင်းများဝတ်သည့် စလွယ်အတောင်များပင် တပ်ထား၏။ ဘာကိုအလှလဲ ကျွန်မဖြင့် စဉ်းစားမရ။ ကိုးရီးယားရုပ်ရှင်အချို့ တွင် မင်းသားတို့ သည် သူတို့ ၏ အပေါ်ပိုင်းအင်္ကျီချွတ်တာကိုပင် ရှက်တတ်သည် ကို တွေ့ ဖူးသည်။ သို့ သော် မြန်မာအမျိုးသားက ဘာကြောင့် မရှက်တတ်ကြသနည်း။
အကယ်ဒမီပွဲတက် မြန်မာမင်းသမီး မဖြစ်တဖြစ်တွေ၏ ၀တ်ဆင်မှုကလည်း မြန်မာမဆန်လှချေ။ ပြည်သူတို့ ၏ အချစ် တော်ဖြစ်၍ ပြည်သူတို့ တွက် စံပြဖြစ်ကာ အမြင်တင့်တယ်စေကာ အဆင့်အတန်းရှိသော အလှဖြစ်စေချင်သည်။
ဟိုတလောက မြန်မာဇာတ်ပွဲတစ်ခုတွင် (ဇာတ်ထဲမှ မင်းသမီးများမဟုတ်) ဗွီဒီယို၊ ရုပ်ရှင်မှ မင်းသမီး ၃ လက် ပုဂံအက ကသွားသည်။ ဤမျှ ဆိုးရွားလှသော ပုဂံဝတ်စုံမျိုး စင်စစ်မရှိပါ။ ပုဂံဝတ်စုံသည် ထူးဆန်းစွာလှပပြီး လုံခြုံမှုရှိပါသည်။ သို့ သော် ထိုမင်းသမီးတို့ ဝတ်ဆင်ထားမှုသည် မည်သူထွင်ပေးလိုက်သည်မသိ။ ကြည့်ရသူပင် ရှက်လှပါသည်။
ကျွန်မဆိုလိုချင်သည်က အတုခိုးလျှင်ခိုးပါ။ မိမိယဉ်ကျေးမှုနဲ့ နှိုင်းကာ ၀တ်ပါ။ ဖက်ရှင်ကို ထွင်ချင်သလိုထွင်ပါ။ ရှိပြီးသား ယဉ်ကျေးမှုကိုတော့ မဖျက်ဆီးသင့်ပါဟုသာ ဆိုချင်ပါသည်။
ကိုယ်ကို စောင့်ရှောက်သကဲ့သို့  ဂုဏ်ကိုလည်း စောင့်ရှောက်သင့်ပါသည်။ ကိုယ်သည် အသက်မဲ့သော် ပျောက်ပျက် သော်ငြား ဂုဏ်သတင်းကား ဥဒါန်းမကျေရှိတတ်၏။ ထို့ ကြောင့် မိမိသည် ဖက်ရှင်တို့ ကိုထွင်ရင်းဝတ်ရင်း မိမိနိုင်ငံ၊ မိမိလူမျိုး၏ ဂုဏ်နှင့်အတူ ယဉ်ကျေးမှုကို စောင့်ရှောက်ကြဖို့  ဖက်ရှင်လောကထဲက အနုပညာသမားများကို တိုက်တွန်းပါသည်။

                                                                                      ဧပရယ်ဆွေဆွေ
                                                                   (30-12-2012 8း 30 PM )