Pages

12 January, 2013

ဒေါသ



- အခြားသူများကြောင့် သင်ဒေါသ ဘယ်နှစ်ခါဖြစ်ဖူးပါသလဲ။
- မိမိကြောင့် ပေါက်ကွဲဖူးတဲ့ ဒေါသတွေ ဘယ်နှစ်ကြိမ်ထဖူးပါသလဲ။
စဉ်းစားကြည့်ရင် ကြောက်စရာကောင်းတဲ့ ဒေါသကြောင့် နှစ်ဘက်စလုံး မထိန်းသိမ်းနိုင်ဖြစ်လျက် စိတ်နဲ့ ပြစ်မှားမှု ၊ နှုတ်မှ ဝေဖန်မှု၊ လက်ဖြင့်တိုက်ခိုက်မှုများ ဖြစ်လာကြသည်။ ဒေါသကြောင့် မိမိချစ်ခင်သော မိသားစု၊ အပေါင်း အသင်း၊ မိတ်ဆွေများကို နာကျင်စေခဲ့ဖူးကြသည်။ ဒေါသကို လွှတ်ပေးလိုက်ခြင်းကြောင့် မိမိနဲ့ သူတစ်ပါးရဲ့ ဘ၀တွေ ပျက်စီးစေခဲ့ကြသည်။ ဒါကြောင့် ဒေါသထွက်နေချိန်ခဏဟာ လူတွေကိုပြင်းထန်တဲ့ အမှားတွေကျူးလွန်စေတဲ့အချိန် ပါ။ မကောင်းဆိုးဝါးတစ်ကောင် ၀င်ပူးသလိုဖြစ်ကာ အကြောင်းရင်းကိုမသိရတော့လောက်အောင် အမှုတွေကျူးလွန် မိကြသည်။
ထို့ ကြောင့် စိတ်ကိုတည်ငြိမ်အောင် ထိန်းသိမ်းတတ်ခြင်းဟာ လူတစ်ဦးတွက် တည်ဆောက်သင့်တဲ့ အရည်အချင်း တစ်ခုဖြစ်လာပါတယ်။ စိတ်ကိုတည်ငြိမ်အောင် ထိန်းသိမ်းတတ်ခြင်းဟာ အနုပညာတစ်ခုဖန်တီးသလိုပါပဲ။ စိတ် တည်ငြိမ်အောင် ပြုပြင်ခြင်းကလည်း အမှန်တကယ်ကို မွေးမြူပျိုးထောင်လေ့ကျင့်သင့်တဲ့အရာပါ။
လိုချင်တာမရလျှင် ငိုခဲ့ပြီး၊ လုပ်ချင်တာ မလုပ်ရလျှင် ကောက်ကာ၊ ဖြစ်ချင်တာ မဖြစ်ရလျှင် ပြန်လှန်နှုတ်လှန်ထိုး တတ်သော ကလေးဘ၀၏စရိုက်တချို့ ကို လူသားတို့ သည် အရွယ်ရောက်သည်အထိ တစ်ပါတည်းယူလာခဲ့ကြပုံရ ပါသည်။
အမှားမှန်းမသိသော ကလေးအရွယ်ကစလို့ အဆိုးအကောင်းသိသည့် အရွယ်ရောက်သည့်တိုင် ဆင်ခြင်တုံတရား တရားလက်မှလွတ်ကာ ၀ုန်းဒိုင်းကျဲနေကြသူများရှိနေသေးသည်။ ကလေးဘ၀ကတော့ ဘာမှမသိသောကလေးမို့  ထားတော့။ လူ့ လောကအသိုင်းအ၀ိုင်းကို ကျင်လည်တတ်တဲ့ဘ၀ကစလို့  မိမိဘ၀ကို သတိနဲ့ ထိန်းသိမ်းကြဖို့ လို လာပါသည်။
ကိုယ်ဘာလုပ်နေလဲ သတိလေးရှိမှသာ အသိဥာဏ်ကိုဖြစ်စေပါသည်။ ထို့ ကြောင့် ကိုယ်လုပ်နေတဲ့အလုပ်ကို သတိ မထားမိသူမှာ အသိဥာဏ်မဲ့နေနိုင်သည်။ ထိုအခါ ၀မ်းသာရင် လောဘ၊ ၀မ်းနည်းရင် ဒေါသ ဖြစ်လာတတ်သည်။
" ငါ့စိတ်ကို လာမစမ်းနဲ့ ၊ ငါ့ စိတ်က မရှည်ဘူးနော် " စတဲ့အသံတွေက သတိမရှိမှုကြောင့် ထွက်လာရတဲ့ ဒေါသရဲ့  အသံတွေပါ။
လူ့ ဘ၀မှာ တစ်ခုခုလိုချင်ရင် အောင်မြင်ချင်တဲ့ ဆန္ဒ၊ ကြိုးစားတတ်တဲ့ ၀ီရိယ၊ မရရအောင် လုပ်တတ်တဲ့ စိတ်ဓာတ်နဲ့  အောင်မြင်အောင်နည်းလမ်းရှာတတ်တဲ့ အသိပညာဆိုတဲ့ လေးပါးရှိဖို့ လိုပါတယ်။ ဒါကို ဗုဒ္ဓရဲ့ တရားတော် မှာတော့ က္ကဒ္ဓီပါဒ် ၄ ပါးလို့ ဆိုပါတယ်။ တစ်ခုခုလိုချင်ရင် ထိုလေးပါးနဲ့ အားထုတ်ရပါတယ်။ ထိုလိုချင်စိတ်ကတော့ ကောင်းတဲ့ အရာလား၊ မကောင်းတဲ့အရာလားဆိုတာတော့ အသိဥာဏ်နဲ့ ဆင်ခြင်နိုင်တဲ့ သတိရှိရပါမယ်။
သတိဆိုတာ ဆားပမာ ဘယ်ခါမမေ့နှင့် တဲ့။ ဘာသာခြားအိမ်တစ်အိမ်ရဲ့ နံရံမှာဖတ်ဖူးတဲ့ စာလေးပါ။ သိပ်မှန်ပြီး သိပ်ကောင်းတဲ့စာလေးမို့  အရမ်းကိုသဘောကျခဲ့ပါတယ်။ လောဘနဲ့ သေရင် ပြိတ္တာဖြစ်တတ်ပြီး၊ မောဟနဲ့ သေတဲ့သူ ဟာ တိရစ္ဆာန်ဖြစ်တတ်ပါတယ်။ ဒေါသနဲ့ သေတဲ့သူကတော့ ငရဲကျတတ်ပါတယ်။ ဘာလို့ လဲဆိုတော့ ဒေါသဟာ အမှား ကိုပဲ ဦးတည်စေတယ်လေ။
ဒီလိုဆိုးရွားလှတဲ့ ဒေါသကို ဘယ်လိုထိန်းချုပ်မလဲ။
စိတ်မှာ ထူးခြားတဲ့စွမ်းရည်ရှိပါတယ်။ လေ့ကျင့်လို့ လည်းရတယ်။ ပျိုးထောင်လို့ လည်းရပါတယ်။ ဘယ်ကတည်းက ပျိုး ထောင်ပေးရမလဲ။ ခုမှားမှန်းသိ ခုပြင် ခုပျိုးထောင်ပေါ့။ ဒါပေမဲ့အကောင်းဆုံးကတော့ ကလေးအရွယ် ငယ်ဘ၀ကစလို့  စိတ်မိုက်စိတ်ရိုင်းတွေမ၀င်အောင် လေ့ကျင့်ပေးတာအကောင်းဆုံးပါ။ နောက်ပြီး မိမိရဲ့ အပြုအမှု ဒေါသတွေကို ကလေး သူငယ်နဲ့ ပတ်ဝန်းကျင်ကို အတုယူမမှားစေသင့်ပါဘူး။
ကိုယ်တိုင်ကျင့်ကြည့်လျှင် စိတ်ဟာ ဒေါသထွက်ရတာထက်စာရင် စိတ်ကိုထိန်းရတာက ပိုပြီးပျော်စရာကောင်းတယ်ဆို တာ သိမြင်လာပါလိမ့်မယ်။ အေးဆေးတည်ငြိမ်တဲ့စိတ်က ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေချဖို့  စွမ်းဆောင်ပေးမှာပါ။ ဒါဆိုစိတ်ငြိမ်အောင် ဘာလုပ်ရမလဲ။
အရင်ဆုံး ကိုယ်ကျင့်သီလကောင်းအောင်လုပ်ရမှာပါ။ ကိုယ်ကျင့်သီလကောင်းမှ စိတ်တည်ငြိမ်မှာလေ။ ဥပမာ- မကောင်းတာလုပ်ထားတဲ့သူတစ်ယောက်ဟာ သူများစကားပြောတာမြင်ရုံနဲ့ တင်ကို ကိုယ့်အကြောင်းပဲ ပြောနေသလိုလို ထင်တတ်ကြတယ်။ အဓိက က ကိုယ့်စိတ်ကမှ မလုံခြုံတာလေ။ ဘာလို့ မလုံခြုံလဲ။ ကိုယ်ကမှ မဟုတ်တာလုပ်ခဲ့တာကိုး သီလမှမရှိခဲ့တာ။
ဒါကြောင့် အနှစ်ချုပ်ရရင်တော့ စိတ်ကိုတည်ငြိမ်အောင်ထိန်းဖို့  မကောင်းတာတွေမလုပ်ပါဘူးဆိုတဲ့ သီလလေးတွေ ထိန်းပေါ့။ ပြီးတော့ ချီးမြှောက်ခြင်း လေးပါးဖြစ်တဲ့ ဒါနပြုတာ၊ ချိုသာစွာစကားဆိုတာ၊ သူတပါးကိစ္စ၀ိစ္စ ဆောင်ကြဉ်းပေး တာ၊လူသားအားလုံးကို ကိုယ်နဲ့ တန်းတူထား ဆက်ဆံပေးတာမျိုးတွေ လုပ်ပေးပါ။
မှန်သောစကား၊ မှန်သောအလုပ်၊ မှန်သော အသက်မွေးမှုသည် သီလဖြစ်သည်။
ကိုယ်နဲ့ နှိုင်းမရိုင်း လို့ ဆိုတာရှိတယ်မဟုတ်လား။ ကိုယ်လုပ်မဲ့အလုပ်ဟာ ကိုယ့်ကိုထိခိုက်စေမယ်ဆိုရင် ဘယ်သူလုပ်မ လဲ။ အဲလိုပဲ သူများကိုလည်း မကောင်းတာဖြစ်စေမယ်ထင်ရင် ကိုယ်နဲ့ ကိုယ်ချင်းစာကာမလုပ်မိပါစေနဲ့ ။ နိမ့်ကျတဲ့ အလုပ်၊ မတော်တရားတဲ့အကြံနဲ့  နိုင်ထက်စီးနင်းခြင်းကိုရှောင်ပါ။ သီလရှိလာရင် စိတ်နှလုံးကကြည်လင်ပြီး ၀မ်းမြောက် နေမယ်။ မတော်လောဘမရှိတဲ့ စိတ်ရင်ခွင်ဟာ ဒေါသကင်းနေမှာပါ။ တကယ်တော့ ဒေါသထွက်ရင် အရင်ဆုံးပူလောင် တာက ကိုယ်ကိုကိုယ့်ပါ။
ပြဿနာတစ်ခုကို မှန်မှန်ကန်ကန်သိပြီး မှန်မှန်ကန်ကန်နားလည်မှုရှိမှဘ၀ပြဿနာတွေဖြေရှင်းနိုင်မှာပါ။ လူ့ ဘ၀ဆိုတာ ရလာကတည်းက ပြဿနာကြီးထဲရောက်လာတာပါပဲ။ ကံကောင်းအကြာင်းလှ၍ အသိဥာဏ်ရှိသော လူ့ ဘ၀ရောက်လာ ခြင်းဟာ အိပ်စားကာမသာသိတဲ့ တိရစ္ဆာန်ထက် လွန်စွာမှသာလှပါတယ်။ ဒါကိုသတိမမှုဘဲ ငါတကော ကောကာ သီလ မလုံခြုံ ကိုယ်ကျင့်မစင်ကြယ်ဘဲ သတိမရှိတဲ့ အသိဥာဏ်နဲ့ ပဲနေရင်တော့ဒေါသဆိုတာကြီးနဲ့  သင်ရစ်ထွေးနေဦးမှာပါဘဲ။
အလေ့အကျင့်က အထုံကိုဖြစ်စေပါတယ်။ မိမိစိတ်ကို လေ့ကျင့်ရင်း နှုတ်ထွက်တွေကို ယဉ်ကျေးသောပြုမှုလုပ် ဆောင်ချက် ကာယကံတွေကို သန့် ရှင်းစေပြီးဆိုရင်တော့ သင်ဟာဒေါသကင်းပြီး အပြစ်ကင်းတဲ့ လူ့ ဘ၀ကို တည် ထောင်နေတဲ့သူဖြစ်နေပါပြီ။ ဒါဆို လူ့ ဘ၀ဆိုတဲ့ပြဿနာကြီးကိုလည်း နည်းလမ်းမှန်မှန်နဲ့ ဖြေရှင်းတတ်သွားမှာပါ။



ဧပရယ်ဆွေဆွေ


No comments:

Post a Comment